မတ် ၊ ၁၅ ၊ ၂၀၂၄
TT (VOM)
မွန်ပြည်နယ် ၊ သံဖြူဇရပ် – မုဒုံကားလမ်း ၊ ကွမ်လွှာကျေးရွာနဲ့ ရောင်းဒေါင်းကျေးရွာကြား ရော်ဘာစက်ရုံရှေ့မှာ မနေ့ မတ် ၁၄ ရက် ၊ ညနေ ၇ နာရီဝန်းကျင်က မွန်ခွဲထွက် PDF အဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ကမာဝက်ရဲစခန်းမှူးရဲ့ကား မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကမာဝက် ရဲစခန်းမှူး မင်းဌေးမောင်မောင်နဲ့ စိန်နောင်ရပ်ကွက်မှာနေတဲ့ ဦးဇော်ဝင်းတို့ နှစ်ယောက်စီးလာတဲ့ HONDA FIT ကားက ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိတယ် ၊ အဲ့ဒီ အချိန် စခန်းမှူး မင်းဌေးမောင်မောင်နဲ့ ဦးဇော်ဝင်းတို့က ကားပေါ်ကဆင်းပြီး ယာဥ်တိုက်မှု ဖြေရှင်းဖို့ လုပ်တယ် ၊ အဲ့ဒီနားမှာရှိတဲ့ ရော်ဘာခြံထဲကနေ စခန်းမှုးနဲ့ အဖွဲ့ကို သေနတ်တွေနဲ့ပစ်တယ် ၊ အဲ့ဒီ အချိန် စခန်းမှူးနဲ့ ဦးဇော်ဝင်းက ကွမ်လွာရွာဘက်ကို ထွက်ပြေးသွားတယ် ၊ ကျန်ခဲ့တဲ့ကားက လက်နက်ကြီး (၄၀ မမ) ကျည် ထိမှန်ပေါက်ကွဲပြီး မီးလောင်သွားတယ် ၊ အဲ့ဒီကားပေါ်ကနေ စခန်းမှူးရဲ့ သေနတ်အရှည် တလက်နဲ့ ကျည်ဆံတွေကို မွန်ခွဲထွက် PDF အဖွဲ့က ယူသွားတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် မွန်ပြည်နယ် လုံခြုံရေးအဖွဲ့က အခင်းဖြစ်အရပ်ကို ရောက်လာပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်က ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ / ၇ အနီး မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ထိမ္မလာကျေးရွာနားမှာ မကွေးတပ်မ ၈၈ ရဲ့ စစ်ကားတစီး ရှေ့ထွက်မိုင်း သုံးလုံးနဲ့ တိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးတဲ့ ဖြစ်စဥ်တခု ဖြစ်ခဲ့ပါသေးတယ်။