မတ် ၊ ၂၀ ၊ ၂၀၂၄
TT ( VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းယောင်းမြို့နယ် ၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂) နဲ့ (၃၂/၃)ကြား ၊ မိုင်းဟန်ချောင်းထဲကို ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က စက်အရှိန် မထိန်းနိုင်ပဲ ကားတစီး ထိုးကျ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ပရဟိတ သမားတယောက်က ” ကားလမ်းပေါ်ကနေ မိုင်းဟန်ချောင်းထဲကို ပေ ၇၀ အမြင့်ကနေ Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ် ထိုးကျတိမ်းမှောက်တယ် ၊ အဲ့ဒီ ကားထဲမှာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး သုံးယောက် ၊ စုစုပေါင်း ငါးယောက်လိုက်ပါလာခဲ့တယ် ၊ အဲ့ဒီထဲက အမျိုးသား နှစ်ယောက် နေကာတင် သေဆုံးပြီး ၊ ကျန် အမျိုးသမီး သုံးယောက် ဒဏ်ရာရတယ် ၊ လူနာနဲ့ သေဆုံးသူတွေကို မိုင်းယောင်းကြက်ခြေနီအဖွဲ့ကနေ ဆေးရုံးကို ပို့ဆောင်ပေးတယ် ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ် ၊ မြို့ကြီးနဲ့ ပခန်းကြား ၊ ရွာငံ – ကျော်ဆည်လမ်းပိုင်း ၊ ညောင်ထောက်ကွေ့နေရာမှာ ပြီးခဲ့တဲ့ မတ် ၅ ရက် ၊ ညနေပိိုင်း ၂ နာရီဝန်းကျင်က ဘုရားဖူး အိမ်စီးကားတစီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ လူခုနှစ်ယောက်အနက် ခြောက်ယောက် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ဒီနှစ် ပြီးခဲ့တဲ့ ဇန္နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယာဥ်မတော်တဆမှု ဖြစ်စဥ် ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ ဖြစ်စဥ်တွေထဲမှာ သာသနာ့ဝင် ကားအမျိုးအစား ရှစ်စီးပါဝင်ပြီး ၊ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေကြောင့် ခရီးသွားပြည်သူ ၂၇ ယောက်ထက်မနည်း သေဆုံးကာ ၊ လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ ၊ မိုင်းဟန်ချောင်းထဲ ကားထိုးကျတိမ်းမှောက်နေပုံ ၊ ကြက်ခြေနီအဖွဲ့ မိုင်းယောင်း