မတ် ၊ ၂၀ ၊ ၂၀၂၄
SP (VOM)
ပြီးခဲ့တဲ့ မတ် ၁၇ ရက် ၊ ညနေပိုင်းက စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်နေရာမှာ မြန်မာနိုင်ငံသား လူငယ်နှစ်ယောက် သုံးရက်ကြာ ပျောက်ဆုံးသွားပြီးနောက် ဒီမနက်မှာ သူတို့ရဲ့ ရုပ်အလောင်တွေ ပြန်တွေ့ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။
“သုံးရက်ကြာ ပျောက်ဆုံးနေပြီး အလောင်းပြန်တွေ့ရတဲ့ လူနှစ်ယောက်က တမူးမြို့၊ ဈေးတန်း (၉) ရပ်ကွက်မှာနေတဲ့ ကိုအားနွန်နဲ့ ဈေးတန်း (၁၀) ရပ်ကွက်မှာနေတဲ့ ကိုအားမွန် ဆိုသူ နှစ်ယောက်ဖြစ်တယ် ၊ သူတို့ နှစ်ယောက်စလုံး လည်ပင်း ပြတ်ရှဒဏ်ရာတွေအပြင် ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးထားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
သေဆုံးသူ မိသားစု အသိုင်းအဝိုင်းက ” ဈေးတန်း (၁၀) မှာနေတဲ့ ကိုအားမွန်က အိမ်ထောင်သည်ဖြစ်ပြီး ဈေးတန်း(၉) ရပ်ကွက်မှာနေတဲ့ ကိုအားနွန် ဆိုသူကတော့ လူပျိုကြီးဖြစ်တယ် ၊ မတ် ၁၇ ရက် ၊ ညနေပိုင်းက အိမ်ကနေ ဆိုင်ကယ်စီးပြီး ထွက်သွားကြတယ် ၊ အဲဒီနောက် သူတို့နှစ်ယောက်လုံး ဆက်သွယ်မရ ပျောက်ဆုံးနေတယ် ၊ နယ်စပ်တောလမ်းကနေ မိုးရေးဘက်သွားတဲ့ လူတွေက သူတို့အလောင်းတွေ တွေ့ရတယ်လို့ ဆက်သွယ်အကြောင်းလို့ သွားကြည့်တယ် ၊ သူတို့နှစ်ယောက် လည်လှီးပြီး သတ်ခံထားရတယ် ၊ အလောင်းတွေ ပြန်ယူလို့မရအောင် မီးရှို့ဖျက်ဆီးထားတယ် ၊ အဲဒါကြောင့် အသုဘ အခမ်းနားကို ရုပ်အလောင်းမပါပဲ စီစဉ်နေရတယ် ” လို့ ပြောပါတယ်။
တမူးမြို့ဟာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေရှိပြီး မကြာခဏ ခိုး ၊ ဆိုး ၊ လူသတ် ၊ လုယက်မှုတွေဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၇ ရက်က တမူးမြို့၊ စန္ဒကူး (၁/ခ) ရပ်ကွက်မှာနေတဲ့ ဒေါ်သန်းအေး ဆိုသူ မိသားစုလိုက်အသတ်ခံရလို့ ဒေါ်သန်းအေး ၄၈ နှစ်၊ သားဖြစ်သူ မောင်ပြည့်လျှန် ၁၆ နှစ်နဲ့ သမီးဖြစ်သူ မငြိမ်းငြိမ်း ၂၁ နှစ်တို့ မိသားစု သုံးယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ နှစ်ရက်ဆက်တိုက် တမူးမြို့မှာ လူသတ်မှုတွေ ဖြစ်ပွားတာကြောင့် စော်ဘွား ၄ ရပ်ကွက်မှာ ဦးအောင်အောင် ၄၀ နှစ် နဲ့ မြို့မ ၁၃ ရပ်ကွက်မှာနေတဲ့ ဦးဇော်ခိုင် ၃၀ နှစ် ဆိုသူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒါအပြင် တမူးမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသား တမီးလ်လူမျိုး P Mohan ၂၈ နှစ်နဲ့ M. Iyarnar ၃၅ နှစ် ဆိုသူ နှစ်ယောက်လည်း အသတ်ခံရပါသေးတယ်။