အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲရလဒ် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လွှာတင်သွင်း

ဂျကာတာ ၊ မတ်-၂၄-၂၀၂၄
မျိုးဆက်(VOM)

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနှစ်ယောက်က ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ ကန့်ကွက်လွှာတင်သွင်းခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲ မဲရေတွက်မှုတွေကို တလကျော်ကြာ ပြုလုပ်ပြီးနောက် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝိုဆူဘီယံတိုက ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရရှိကြောင်း ကြေညာခဲ့ပါတယ်။

ပြိုင်ဘက်ကိုယ်စားလှယ်လောင်းနှစ်ယောက်ဖြစ်တဲ့ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်ဘတ်စ်ဝမ်ဒန်နဲ့ ဗဟိုဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရန်နိုဝိုတို့က ရွေးကောက်ပွဲမသမာမှုရှိတယ်ဆိုကာ ကန့်ကွက်မှုတွေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနိုင်ရရှိခဲ့သော ကာကွယ်ရေးဝန်ကြီးနဲ့အတူ ဒုတိယသမ္မတနေရာ ယှဉ်ပြိုင်ခဲ့သော မိတ်ဖက်ဟာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားဖြစ်ပြီး သူ့အသက်အရွယ်အရ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် အသက်ငယ်သော်လည်း ဂိုကိုဝီဒိုဒိုရဲ့ ယောက်ဖဖြစ်သူဦးဆောင်တဲ့ တရားရုံးက ခြွင်းချက်အနေနဲ့ ခွင့်ပြုခဲ့တာဖြစ်ပြီး ဒီကိစ္စအပေါ် အတိုက်အခံတွေက ဝေဖန်မှုတွေရှိနေပါတယ်။

ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေ တင်သွင်းရတာဟာ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီနဲ့ အနာဂါတ်ကို ကာကွယ်ဖို့ဖြစ်တယ်လို့ ကန့်ကွက်လွှာတင်သွင်းတဲ့ ဂန်ဂျာပရန်နိုဝိုရဲ့ ကိုယ်စားလှယ်တယောက်က ပြောပါတယ်။ ဒီကန့်ကွက်လွှာတွေကို ဆက်လက်ကြားနာရန် သို့မဟုတ် ပယ်ချဖို့ကိစ္စကို ဧပြီနှောင်းပိုင်းမှာ တရားရုံးက ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

Ref: NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW