ကော့ကရိတ်၊ ဧပြီ ၄ – ၂၀၂၄
GG (VOM)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ သင်္ဃန်းညီနောင်မြို့သစ်မှာ တိုက်ပွဲတွေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေကျလို့ လူနေအိမ် ၊ ဈေးဆိုင်တွေ မီးလောင်ပျက်စီးမှု ဆက်တိုက်ဖြစ်ပွားလာနေတယ်လို့သိရပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အဆောက်အဦးတွေမီးလောင်ကျွမ်းနေပေမယ့် နယ်မြေမအေးချမ်းတာကြောင့် မီးငြိမ်းသတ်နိုင်ခြင်းမရှိတဲ့အတွက် အိမ်ခြေ ၅၀၀ ထက်မနည်းမီးလောင်ပျက်စီးပြီး မြို့ပျက်ကြီးသဖွယ်ဖြစ် လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။
” အိမ်တွေမီးလောင်တာက သင်္ဃန်းညီနောင်ဆိုလည်း တော်တော်များများ ရှိနေပြီ၊ကော့ကရိတ်ဆိုလည်း မကြာခဏဆိုသလိုမီးလောင်နေတယ်၊မငြိမ်းနိုင်ကြဘူး။တိုက်ပွဲကလည်းနေ့တိုင်းကိုရှိနေတယ်၊ လက်နက်ကြီး သံတွေနေ့တိုင်းကြားရတယ်။လူသူမရှိတဲ့မြို့ပျက်ကြီးလိုကိုဖြစ်နေပြီ၊ရေရှည်ဆိုမလွယ်တော့ဘူး။ PDF ကလည်း နောက်ဆုတ်မှာမဟုတ်သလို စစ်တပ်ကလည်းနောက်ဆုတ်မှာမထင်ဘူး။အခုကော့ကရိတ်ဆိုမြို့ထဲစစ်တပ် တပ်ရင်းတခုရှိနေတယ် အဲဒါကိုတိုက်နေကြတာ၊သင်္ဃန်းညီနောင်လည်းတိုက်နေကြတာပဲ ၊အဖွဲ့စုံအကုန်ရှိတယ်။ပြည်သူတွေ သွားလာလို့မရဘူး ” လို့ ကိုယ်တိုင်လဲစစ်ဘေးရှောင်နေရပေမယ့် စစ်ဘေးရှောင်ကူညီနေသူတယောက်ကပြောပြပါတယ်။
ခုရက်ပိုင်းအတွင်း ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ မီးလောင်မှုဖြစ်ပွားခဲ့တာတွေက ချောင်းတောင်အောက်စု ၊ကြာအင်းကုန်းရွာ ၊အထက်ရွာဝါးလုံးချောင်၊ကျူရီယာတန်းအပါ နေရာအချို့မှာဖြစ်ပွားနေပြီး သင်္ဃန်းညီနောင်မြို့သစ်မှာလည်း လက်နက်ကြီးကျရောက်မီးလောင်မှုတွေရှိနေပါတယ်။
ကော့ကရိတ်မြို့ နဲ့ သင်္ဃန်းညီနောင်မြို့သစ်မှာ KNU ၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက ဖြစ်တာကြောင့် ခုဆိုရင်တိုက်ပွဲကာလ ၄ လကျော်အထိကြာမြင့်လာနေပြီး KNU ဘက်က ကော့ကရိတ်နဲ့သင်္ဃန်းညီနောင်မြို့သစ်ကို ထိန်းချုပ်နိုင်ဖို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပေမယ့်ခုချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်။
တိုက်ပွဲကာလကြာမြင့်မှုနဲ့အတူ ကော့ကရိတ်နဲ့သင်္ဃန်းညီနောင်မြို့သစ်ကို စွန့်ခွာပြီး တမြို့လုံးနီးပါးစစ်ဘေးရှောင်နေကြပြီဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သောက်ရေ သုံးရေတွေ ၊ အမိုးအကာ၊အခင်း၊ဆေးဝါးတွေ အဓိကလိုအပ်လာနေတယ်လို့သိရပါတယ်။
” ကော့ကရိတ်က မြဝတီမှာမရှောင်ဘူး၊ အခုမြဝတီမှာက သင်္ဃန်းညီနောင်က လူတွေပဲရှိမယ်၊ လူတွေက နေရာတခုမှာ ထောင်ကျော်အထိရှိတော့ အဆင်မပြေဘူး။အလှူရှင်ရှိတာလေးရယ်၊ ဘုန်းကြီးက သားသတ်လွတ်ကျွေးတာနဲ့ရှင်သန်နေရတယ်၊နောက်ရေဆိုလည်း လူတထောင်ကျော်အတွက်ဆိုတော့တနေကုန်မနားဘဲစက်မောင်းရတယ်၊ရေရှည်ဆိုမလွယ်ဘူး။လူများတော့သန့်ရှင်းရေးအပိုင်းကလည်းလိုလာတယ်။နောက်ပိုင်းကျန်းမာရေးထိခိုက်မှာစိုးရိမ်ရတယ်” လို့ သူကထပ်မံပြောပါတယ်။
လက်ရှိမှာ ကော့ကရိတ်က စစ်ဘေးရှောင်တွေအများစုက မြဝတီမြို့ကို မလာဘဲ နီးစပ်ရာမြို့တွေနဲ့ အမျိုးတွေရှိရာဒေသတွေကို စစ်ဘေးရှောင်ကြပြီး သင်္ဃန်းညီနောင်မြို့သစ်က စစ်ဘေးရှောင်တွေကတော့ မြဝတီမြို့က ဘုန်းကြီးကျောင်း၊ ဆွေမျိုးတွေနေအိမ်တွေမှာနေထိုင်ပြီး စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်မြို့သစ် တိုက်ပွဲတွေမှာ နေအိမ်တွေမီးလောင်ပျက်စီးမှုရာနဲ့ချီရှိသလို လူမှုကူညီရေးအသင်းကားတွေလည်းပျက်စီးမှုရှိကြောင်း၊ လက်နက်ကြီး ထိမှန်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိထားတယ်လို့သိရပါတယ်။
Photo – ဒေါနခရီးသွား