ဧပြီ ၊ ၄ ၊ ၂၀၂၄
SP(VOM)
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီစံပြကျေးရွာ ၊ ပုလဲ – ဂန့်ဂေါ ကားလမ်း ယာဥ်ရပ်နားစခန်းနေရာမှာ မနေ့ ဧပြီ ၃ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကျေးရွာမှာရှိတဲ့ လူနေအိမ်တွေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ယောနယ် ဒေသခံတွေဆီက သိရပါတယ်။
” ပြည်သူ့စစ်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ပစ်ခတ်တယ် ၊ အဲ့ဒီနောက် အပြန်အလှန် ပစ်ခတ်ကြပြီး ရေမျက်နီ တံတားအနောက်ပိုင်းက အိမ်တွေ မီးစလောင်တယ် ၊ မီးစလောင်တုန်းက သုံးလေးအိမ်ဖြစ်တယ် ၊ ငြှိမ်းမဲ့သူလည်းမရှိတာကြောင့် တခြားအိမ်တွေကို ကူးစက်လောင်တယ် ၊ ရာသီဥတုက ပူပြင်းတာလည်းပါတော့ ခန့်မှန်း အိမ်ခြေ တရာကျော်လောက် မီးထဲပါသွားတယ် ၊ အိမ်ခြေအရေအတွက်တော့ သေချာ မသိရသေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။
နှစ်ဖက် ထိခိုက်တာရှိတယ်လို့သိရပေမယ့် ဘယ်ဘက်ကမှ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
မနေ့က ဖြစ်ပျက်ခဲ့တဲ့ ရေမျက်နီရွာ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့ကို VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။
ရေမျက်နီ ဒေသခံ တယောက်က
” ရေမျက်နီရွာက ဂန့်ဂေါ ၊ ထီးလင်း နဲ့ ဂန့်ဂေါ မုံရွာ မန္တလေး ကားလမ်းဆုံနေရာတခုဖြစ်တယ် ၊ အရင်ကတည်းက ရေမျက်နီမှာ ရဲကင်းစခန်းတခုရှိတယ် ၊ အခုတော့ အဲ့ဒီ ရဲကင်းစခန်းမှာ ပြည်သူ့စစ်တွေနဲ့ စစ်သားတွေ အခြေပြုနေတယ် ၊ အဲ့ဒီနေရာကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မကြာခဏလာတိုက်တယ် ၊ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်က တိုက်ပွဲမှာ ရွာထဲကို အလယ်ရောက်နေတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်ရဲ့ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အေးမင်း ဆိုသူအပါအဝင် စစ်သား သုံးယောက် ထိခိုက်သေဆုံးတယ်” လို့ ပြောပါတယ်။
မုံရွာ ၊ မန္တလေး ၊ ဂန့်ဂေါ ကားသမားတယောက်က
” မနေ့ မနက်ပိုင်းက ဂန့်ဂေါဘက်က ဆင်းလာတဲ့ကားတွေက ရေမျက်နီမှာ ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ ဆိုပြီး ကောင်းတုံနဲ့ ညောင်လယ်ရွာဘက်မှာ ကားတွေနားပြီး ခိုလှုံနေကြတယ် ၊ မန္တလေး ၊ မုံရွာဘက်ကနေ ဂန့်ဂေါ ၊ ဟားခါးဘက်ကို သွားတဲ့ အတက်ကားတွေက ပုံညာနဲ့ ရေပုတ် စဥ့်အင်ကြားမှာ ခိုလှုံနေကြတယ် ၊ ဒီမနက်အထိ ရေမျက်နီရွာကို ဖြတ်လို့ မရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက် ညနေပိုင်းက ၊ မကွေးတိုင်း ၊သရက်ခရိုင် ၊ မင်းတုန်းမြို့နယ် ၊ မှန်ကျေးရွာမှာ တောမီးကနေ ရွာကို မီးကူးစက် လောင်ခဲ့တာကြောင့် လူနေအိမ် ၁၈၀ ကျော် မီးလောင်ခဲ့ပြီး လူတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၁ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါး ၊ မြင်သား ၊ ရဲလှ ၊ ထယ်လှော် ၊ တောင်ယာပြင် ၊ မောက် စတဲ့ ကျေးရွာတွေဘက်မှာ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ နှစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊ မနေ့က ရေမျက်နီရွာ မီးလောင်မှုမြင်ကွင်း (ဒေသခံတဦး)