မတည်ငြိမ်တဲ့ နယ်စပ်မြို့တွေက အစိုးရဝန်ထမ်းတွေ အိမ်နီးချင်းနိုင်ငံဘက် တိမ်းရှောင်မှုတွေရှိနေ

ဧပြီ ၈၊ ၂၀၂၄
Shy V (VOM)
မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ နယ်စပ်မြို့တွေက အစိုးရ ဝန်ထမ်းတွေ အိမ်နီးချင်းနိုင်ငံဘက် တိမ်းရှောင်မှုတွေရှိနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
“မူဆယ် နယ်စပ်ဒေသက ဝန်ထမ်းတွေဝောာ့ အခြေအနေ ရှုပ်ရင် တရုတ်နယ်စပ် ကျယ်ဂေါင်ဘက် သွားနေတယ်။ ကျယ်ဂေါင် ကနေပဲ မူဆယ်ဘက် ရုံးတက်ရတယ်။ အခြေအနေပေါ်မူတည်ပြီး မူဆယ်ဘက်လည်း နေတယ်” လို့ မူဆယ်နယ်စပ်က ဝန်ထမ်း တယောက်က ပြောပါတယ်။
၁၀၂၇ ကာလကစ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းက မူဆယ် အပါအဝင် မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ၁၀၅ မိုင်၊ နမ့်ခမ်း တွေထဲက ဌာနဆိုင်ရာ ဝန်ထမ်း တွေ ဘေးကင်းရာ ရှောင်တိမ်းရှောင်တိမ်းနေကြရတာ လို့ဆိုပါတယ်။
ချင်းရွှေဟော် နယ်စပ်က ဌာနဆိုင်ရာ ဝန်ထမ်း တချို့လည်း ၁၀၂၇ စတင်တဲ့နေ့မှာပဲ တရုတ် နယ်စပ်ဘက် တိမ်းရှောင်ခဲ့ကြရပြီး လောက်ကိုင်ဘက်က စစ်ရှောင်တွေ နေရပ် ပြန်နေကြတဲ့ အချိန်မှပြန်လာကြတဲ့ သူတွေတချို့ ရှိတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ်ညီနောင်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲက အစိုးရ ဌာနဆိုင်ရာ ရုံးတွေကိုတော့ မူဆယ် နဲ့ လားရှိုး မြို့တွေမှာ ရွှေ့ပြောင်းထားရပြီး ဒေသခံတွေလိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ လွယ်ဂျယ် နယ်စပ်ဒေသက ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကစ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ပိတ်ဆို့ထားတာကြောင့် တရုတ် နယ်စပ်ဘက်ကနေ တိမ်းရှောင် ထွက်ခွာဖို့ ဌာနဆိုင်ရာဘက်က တရုတ်ဘက်ကို ညှိနှုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ လွယ်ဂျယ် ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်ဘက်ကရော တရုတ်ဘက်ကရော KIA ကို မပစ်ဖို့ပြောတယ်။ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေကတော့ သူတို့ ဘာသာ ထွက်သွားမယ်ဆိုပြီးတောင်းဆိုတယ်။ အဲဒါကြောင့် တိုက်ပွဲ မဖြစ်ဘူး။ ရာထူးကြီးပိုင်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ဗန်းမော်ရောက်ကုန်ပြီ။ ဗန်းမော် – လွယ်ဂျယ်လမ်းတော့ သွားလို့ မရဘူး။ တောင်ပေါ်လမ်းကနေ သွားခွင့်ပြုတာ။ လမ်းမှာ စစ်ဆေး ဖမ်းဆီး တာမျိုးတော့ မလုပ်ဘူးတဲ့” လို့ လွယ်ဂျယ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အလားတူ ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီဘက်မှာလည်း တိုက်ပွဲကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ ထိုင်းနယ်စပ် မဲဆောက်ဘက် တိမ်းရှောင်တာ ရှိတယ်လို့ မဲဆောက်ရောက် မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
“အတိအကျ မသိရဘူး။ တချို့တော့ ညှိပြီး လာကြိုလို့ရမယ် ထင်တယ်။ မြဝတီက ကျသွားတဲ့ အနေအထား ရောက်နေပြီလေ။ အရာရှိပိုင်း လောက်ပဲထင်တယ်။ ထိုင်းနဲ့ ညှိရသလောက် ဖြစ်မယ် ထင်တယ်။ အများကြီးတော့ မဖြစ်နိုင်ဘူး။ ဖြစ်မနေ ခေါ်ရမယ့် သူတွေ။” လို့ သူက ပြောပြပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့နယ် အနီးတဝိုက် နဲ့ သင်္ဃန်းညီနောင်ဘက်မှာ နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နောက် ပိတ်မိနေတဲ့ တပ်ဖွဲ့၊ တပ်ရင်း၊ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းအရာရှိ တွေ၊ ၀န်ထမ်းတွေကို ထိုင်းနိုင်ငံ မဲဆောက် ကနေ လေကြောင်း ခေါ်ယူနိုင်ရန် မြန်မာနိုင်ငံ သံရုံးက ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အထူး လေကြောင်းလိုင်း (MNA) ကို ဧပြီလ ၇၊ ၈၊ ၉ ရက်တွေမှာ ရန်ကုန် – မဲဆောက်၊ မဲဆောက် – ရန်ကုန် ပျံသန်းခွင့်ဝောာင်းဆို ထားတာလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း အိန္ဒိယနယ်စပ်ဘက် ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးကြတဲ့ တပ်ဖွဲ့ ရာချီပြီး ရှိခဲ့ပြီး အိန္ဒိယနယ်ခြားစောင့် အာသံရိုင်ဖယ်တပ်စခန်းမှာ ခေါ်ယူထိန်းသိမ်းထားကာ အိုက်ဇောမြို့အနီး Lengpui လေဆိပ်ကနေတစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မြန်မာ လေတပ်ပိုင် လေယာဉ်တွေနဲ့ လာရောက်ခေါ်ဆောင်ခဲ့ပါသေးတယ်။
ဒါအပြင် ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့်နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၇၇ ဦးဟာ မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်ထဲ ဝင်ရောက်ခိုလှုံလာတာရှိနေပြီး အဲဒီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို ပြန်‌ေခါ်ယူဖို့ နဲ့ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းစီးခံရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို ပြန်ပို့ဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud က ပြောကြားထားကြောင်း ဘင်္ဂလားဒေ့ရှ်ခြေစိုက် BSS သတင်းဌာနရဲ့ ဧပြီလ ၂ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နဲ့ ၁၀ ရက်အကြားမှာလည်း တိုက်ပွဲကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းနဲ့ မိသားစုဝင် ၃၀၀ ကျော်ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံခဲ့တာရှိပြီး ဖေဖော်ဝါရီ ၁၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်က မြန်မာရေတပ်သင်္ဘောတွေပေါ်ကို ပြန်လည်လွှဲပြောင်း ပေးခဲ့ဖူးပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW