ပြတ်တောက်ချိန်များနေတဲ့ကြားက သင်္ကြန်ရက်မီးပြတ်မယ်ဆိုပြီး YESC က ထပ်အသိပေးလို့ ပြည်သူ့ကြားဝေဖန်မှုတွေ ဆူညံ

ရန်ကုန် ၊ ဧပြီ ၁၀ – ၂၀၂၄
GG (VOM)

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဒီနေ့ကစပြီး သင်္ကြန်ကာလပြီးတဲ့အထိ လျှစ်စစ်မီးပြတ်တောက်မှုတွေ ရှိမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ကဒီနေ့မှာ အသိပေးလိုက်ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှု အချိန်ပိုများလာတာနဲ့အမျှ အအေးခန်းစက်ရုံတွေ၊ အအေးခန်းကုန်သိုလှောင်ရုံတွေ ၊စက်ရုံတွေ၊ အသေးစားအလတ်စားလုပ်ငန်းတွေအားလုံး ဒုက္ခ ရောက်ရတဲ့အပြင် ကုန်ကျစရိတ်လည်းမြင့်တက်လာတယ်လို့သိရပါတယ်။

” ဒါကတော့ရှင်းပါတယ် မီးမလာတော့မီးစက်နဲ့သုံးရတယ်၊ မီးစက်သုံးရတော့ မီးစက်ဆီဖိုးကုန်မယ်၊အခုကလောင်စာဆီကစျေးတက်တယ် ၊ဝယ်ရခက်လာတယ်ဆိုတော့ မဖြစ်မနေလည်ပတ်ရတဲ့စက်ရုံတွေက ကုန်ကျစရိတ်ပိုကုန်မယ်၊ ကုန်ကျစရိတ်ပိုတာနဲ့ ပစ္စည်းကလည်း တက်မယ်၊ နောက်ဆုံးကုန်ဈေးနှုန်းတက်မယ်၊ ပိုကြပ်တည်းကြမယ်၊ ဝယ်လိုအားကျမယ်၊ ထုတ်လုပ်ရေးလုပ်ငန်းတွေရပ်ကုန်မှာပေါ့ ” လို့ အထည်ချုပ်စက်ရုံပိုင်ရှင် လုပ်ငန်းရှင်တဦးက သုံးသပ်ပြောပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် အသေးစားအလတ်စားလုပ်ငန်းတွေထဲက ဆီကြိတ်ခွဲစက်အချို့ရပ်နားတာတွေရှိသလို စက်ရုံအချို့ကလည်း ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုလျော့ကျလာနေတယ်လို့သိရပါတယ်။

အလားတူ ပြည်သူလူထုအတွက်လည်း ယခုလိုပူပြင်းလှတဲ့နွေရာသီမှာ လျှပ်စစ်မီးပြတ်တောက်မှုက ဆိုးဝါးတဲ့ အချက်တခုဖြစ်နေတာကြောင့် ပြည်သူတွေအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

” မီးကအခုလည်းမမှန်ဘူးလေ၊ ဒါကို မီးပြတ်မယ် ထပ်အသိပေးတော့ သူတို့ရူးရင်ရူး မရူးရင်ကျနော်တို့ရူးနေလားပဲမှတ်ရမယ် ။မီးကပျက်ရမယ့်အချိန်ထက်ပို ပျက်တယ် ။လာရမယ့်အချိန်အတိကျမရှိတော့ဘူး၊ လာရင်လည်း ၁၅ မိနစ်လောက်လာပြီး ဖြတ်သွားပြန်ရော၊ လာချိန်ကမရှိသလောက်ကိုအရမ်းနည်းနေပါပြီ၊ ဒါကိုထပ် မီးဖြတ်အုံးမယ်ဆိုတော့ လုံးလုံးမပေးဘူးကြေငြာလိုက် မမျှော်ရတော့ဘူး ၊မီးပြတ်တဲ့ဒဏ်ကိုအောက်ခြေလူထုကပိုခံရတယ်၊သူဌေးတွေက ငွေရှိရင်အပူဆိုတာ အေးအောင်လုပ်ယူလို့ရတယ်၊ ကျနော်တို့ကတော့ခံပေါ့ ပူလွန်းလို့နေမအိပ်ရ ညမအိပ်ရ၊ မီးကမလာ ဒုက္ခချည်းပဲ ” လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ဝေဖန်ပြောဆိုပါတယ်။

ရန်ကုန်မှာက အခြေခံလက်လုပ်စားသမားတွေများသလို အထပ်မြင့်တိုက်ခန်းတွေများတာကြောင့် လျှပ်စစ်မီးမမှန်တဲ့ အကျိုးဆက်ကြောင့် ေရပြတ်လပ်မှုတွေလည်း ဖြစ်နေပြီး ရေကိုဝယ်ယူသုံးစွဲရတာတွေရှိနေတယ်လို့သိရပါတယ်။

YESC ကတော့ ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ပို့လွှတ်နေတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဒီနေ့ကစပြီး သကြင်္န်အပြီး ဧပြီ ၁၇ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်လို့ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် နေစဉ်အတွင်း သဘာဝဓာတ်ငွေ့နဲ့ မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းကို ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေမှာဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းတွေ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းမှာဖြစ်လို့ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းအတွင်းက မြို့နယ်နေရာအချို့မှာ ယာယီဓာတ်အားပြတ်တောက်မှုတွေ ဖြစ်မယ်လို့ အသိပေးထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW