စစ်ကိုင်းတိုင်းက တိုက်ပွဲရှောင်တွေ သောက်သုံးရေ အတွက် အခက်ကြုံနေရ



မေ ၊ ၁ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်းမှာ ယာယီတိုက်ပွဲရှောင် သုံးသောင်းကျော်ရှိတဲ့အနက် ၊ အဲ့ဒီထဲက နှစ်သောင်းကျော်ဟာ သောက်သုံးရေ ရှားပါးပြတ်လတ်မှုဒဏ်ကို နေ့စဥ် ကြုံတွေ့နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” သောက်သုံးရေ အခက်ကြုံနေရတဲ့ ဒေသတွေက ပုလဲ ၊ ကနီ ၊ တန့်ဆည် ၊ ကောလင်း ၊ ဝက်လက်၊ အရာတော် စတဲ့ မြို့နယ်တွေမှာ ဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်စလို့ ဆယ်ရက်ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်က ဒေသခံ ရှစ်ထောင်ကျော်ဟာ မုံရွာ ယာကြီး ကလေးဝ ကားလမ်းနားက အင်တိုင်းတောတိုက်မှာ ယာယီတိုက်ပွဲရှောင် ခိုလှုံနေရတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲရှောင် ဒေသခံတယောက်က
” တိုက်ပွဲရှောင်တဲ့အခါ ဘေး အန္တရာယ် လုံခြုံရေးက အဓိက ဆိုတော့ ရေရှိတဲ့နေရာနဲ့ ၁၂ မိုင်လောက်ဝေးတယ် ၊ ကနီမြို့နယ်ထဲက ချောင်းေမြာင်းတွေဟာ အခုလို နွေရာသီမှာ ရေတွေခမ်းေခြာက်တယ် ၊ အဲ့ဒါကြောင့် လက်ယက်တွင်းတွေတူးပြီး အလှည့်ကျတန်းစီခပ်ရတယ် ၊ ရေထွက်နှေးတဲ့ တွင်းဆိုရင် တနာရီမှ ဆယ်ဂါလံထက်မပိုဘူး ၊ တနေကုန်ခပ်မှ ရေစည်လှည်း တစည်ပြည့်အောင်မရဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ကနီဒေသက တိုက်ပွဲရှောင်တွေဟာ မသန့်ရှင်းတဲ့ သောက်သုံးရေးကို ရက်ရှည်သုံးစွဲနေရတာကြောင့် ဝမ်းပျက်ဝမ်းလျောတာနဲ့ ကိုယ်ခန္ဓာအရေပြား ယားယံတာတွေဖြစ်နေတယ်လို့ သိရပါတယ်။

” အလှူရှင်တွေအနေနဲ့ ကူညီလှူဒါန်းမယ်ဆိုရင် နီးစပ်ရာ လူမှုကူညီရေးအဖွဲ့တွေဆီကနေတဆင့် ဓာတ်ဆားထုပ်တွေ ပေးပို့လှူဒါန်းလို့ရတယ် ၊ နောက်ပြီး ယားနာပျောက်ဆေးတွေလည်း လိုအပ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီအပြင် တန့်ဆည်မြို့နယ်က တိုက်ပွဲရှောင်တွေဟာလည်း မုံရွာ တန့်ဆည် ကလေးဝ ကားလမ်းနားက မဟာမြိုင်တောထဲမှာ ခိုလှုံနေရပြီး သောက်သုံးရေ ခက်ခဲတာကြောင့် ၁၅ မိုင်လောက်ဝေးတဲ့ ချင်းတွင်းမြစ်ကနေ မြစ်ရေတွေသယ်ယူ သုံးစွဲနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကစလို့ အရာတော်မြို့နယ် မြောက်ပိုင်းမှာ နစကတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အရာတော်နယ် သံပုရာကျင်းကျေးရွာနဲ့ ဘုတလင်မြို့နယ် ၊ ကုက္ကိုလ်ကုန်းကျေးရွာကြားမှာရှိတဲ့ ယင်းမချိုင့် တောတိုက်မှာ ထွက်ပြေးခိုလှုံနေရပြီး သောက်သုံးရေ ရှားပါးပြတ်လပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီလို ယာယီတိုက်ပွဲရှောင်တွေ သောက်သုံးရေ အခက်ကြုံနေရတာက ဝက်လက်မြို့နယ်နဲ့ ဆားတောင်မြို့နယ်ခွဲကြားမှာ ခိုလှုံနေတဲ့ တိုက်ပွဲရှောင်တွေနဲ့ ကောလင်းနဲ့ ပင်လည်ဘူးကြား ခိုလှုံနေတဲ့ တိုက်ပွဲရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ကနီနယ်က တိုက်ပွဲရှောင် မှာ ရေခပ်နေရပုံ ( ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW