စစ်ကိုင်းတိုင်း PDF တွေဖမ်းထားတဲ့ ဒီပဲယင်း လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင် ပြန်လွတ်

 

မေ ၊ ၁ ၊ ၂၀၂၄
SP ( VOM)

ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက်က စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးကျေးရွာနားမှာ PDF အဖွဲ့တွေ ဖမ်းဆီးလိုက်တဲ့ ဒီပဲယင်းမြို့နယ် (NLD)အမတ်ဟောင်း ဦးဝင်းမြင့်အောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်ကိုင်းတိုင်းမှာရှိတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့နယ်ခွဲမှာ နေထိုင်တဲ့ နိုင်ငံရေးသမားတယောက်က
” ဦးဝင်းမြင့်အောင် ဖြစ်စဥ်က ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက်မှာ သူ့ရဲ့ညီဖြစ်သူကို ထောင်ဝင်စာတွေ့ဖို့ ရွှေဘိုထောင်ကိုသွားရင်း ဒီပဲယင်းမြို့နယ်ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ကျော်လောက်ဝေးတဲ့ မုံရွာ ၊ အရာတော် ၊ ဆိပ်ခွန် ၊ ရွှေဘိုကားလမ်းမှာရှိတဲ့ မူးကမ်းကြီးရွာနားမှာ PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ် ၊ ဦးဝင်းမြင့်အောင်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မသိရဘူး ၊ အဆက်သွယ်လည်းမရဘူး ၊ အဲ့ဒါကြောင့် သူ့မိသားစုနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတွေက စိတ်ပူ​ပြီးပြည်ပ သံရုံးတွေဆီကို အီးမေးလ်ကနေတဆင့် တင်ပြစာတွေ ပေးပို့ကူညီတောင်းခံခဲ့တယ် ၊ ဘယ်နိုင်ငံက သံရုံးတွေလဲဆိုရင် ၊ တရုတ် ၊ အိန္ဒိယ ၊ မေရိကန် ၊ ဗြိတိန် ၊ သြစတြေးလျ အပါအဝင် အာဆီယံ အလှည့်ကျ ဥက္ကဌရုံးနဲ့ အာဆီယံ အဖွဲ့ဝင်သံရုံးတွေဆီ ပေးပို့တာဖြစ်တယ်၊ နောက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ (UN) ရုံးနဲ့ လူ့အခွင့်အရေး အဖွဲ့တွေဆီပါပို့တယ် ၊ အဲ့ဒီပေးပို့စာကို လက်ခံရရှိကြောင်း သံရုံး ပြန်ကြားစာတချို့ ရတယ် ၊ အဲ့ဒီနောက် မကြာဘူး ၊ ဦးဝင်းမြင့်အောင် ပြန်လွတ်လာတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ကပြုလုပ်တဲ့ NUG သတင်းစာရှင်းလင်းပွဲမှာ ဒီပဲယင်း NLD လွှတ်တော် အမတ်ဟောင်း ဦး ဝင်းမြင့်အောင်ကို ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ပြန်လည်လွတ်ပေးလိုက်တယ်လို့ ပြောတဲ့
သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဦးဝင်းမြင့်အောင် ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး သူ့မိသားစုဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ် ၁၈ ရက်က နစကက ဦးဝင်းမြင့်အောင်ရဲ့ မိန်းမနဲ့သားဖြစ်သူအပါအဝင် ညီဖြစ်သူကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ် ။ အဲ့ဒီနောက် ဦးဝင်းမြင့်အောင်လည်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

အမတ်ဟောင်း ဦးဝင်းမြင့်အောင်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ရဲ့ သန္ဓေပါတီဝင်တယောက်ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ၁၉၉၀ ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပါဝင် ယှဥ်ပြိုင်
အနိုင်ရခဲ့သူတယောက်ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW