မန္တလေးမှာ အပူချိန်မြင့်တက်မှုကြောင့် တရက်တည်း ဆယ်ဦးထက်မနည်း သေဆုံး

မန္တလေး၊ ဧပြီ ၃၀ – ၂၀၂၄
GG (VOM)
မန္တလေးမှာ အပူချိန်မြင့်တက်မှုကြောင့် ဧပြီလ ၂၉ ရက်နေ့တရက်တည်း အပူရှပ်ပြီးသေဆုံးသူဆယ်ယောက်ထက်မနည်းရှိခဲ့ပြီး ဧပြီတလလုံးဆိုရင် အပူရှပ်ပြီးသေဆုံးခဲ့ရတဲ့ လူပေါင်း ၄၀ ထက်မနည်းရှိခဲ့တယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။
အပူချိန်မြင့်တက်လာတဲ့ အခုဧပြီလထဲမှာ Heat Stroke အပူရှပ်ခြင်းကြောင့်သေဆုံးသူနဲ့ ဆေးရုံတက်ကုသခဲ့ရတဲ့အရေအတွက် ပိုများလာတာဖြစ်ကြောင်း ၊ နေ့စဥ်လူသေဆုံးမှုတွေထဲမှာ အပူရှပ်လူနာ သေဆုံးမှုရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“တို့အဖွဲ့ကတင် တရက်ကို ၁၀ ယောက်လောက်ရှိမယ်၊တမြို့လုံးအတိုင်းအတာဆို ၄၀ ကတော့မနည်းပေါ့။နေ့စဥ်အပူရှပ်သေဆုံးသူ ရှိတယ်။အပူလွန်ကဲဦးနှောက်သွေးကြောပြတ်ပေါ့။ဒီနေ့မနက်တယောက်ချခဲ့ရတယ်။အပူလွန်ကဲပြီးသေတာပေါ့။မန္တလေးမှာကအသင်းပေါင်း၂၀၀လောက်ရှိတယ်၊အပူလွန်ကဲချည်းပဲ။ တချို့ကလည်း ဆေးကုလိုက်လို့ကောင်းသွားတာရှိတယ်၊တချို့လည်းဆေးကုပြီးမှသေတာရှိတယ်။ဒီလမှာပိုများတယ်ဆိုတာတောင်ခု နောက်ဆုံးဒီတပတ်မှာပိုများတယ် ” လို့ မန္တလေး၊ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ချုပ် M-Rescue ရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်တင့်က ပြောပြပါတယ်။
အလားတူ မန္တလေးအခြေစိုက် လူမှုကူညီရေးအဖွဲ့ဖြစ်တဲ့ မဏိစလ လူမှုကူညီရေးအသင်းအနေနဲ့လည်း ဧပြီလအတွင်းမှာ အပူရှပ် သေဆုံးလူနာပေါင်း ၂၀ ကျော်လောက်ကို လူနာလမ်းကြောင်းပို့ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။
” အသင်းအနေနဲ့ဆိုရင် ၉၆ ပါးရောဂါနဲ့ဆုံးသူအပါဆို ၄၀ ကျော်လောက်ရှိမယ်။အဲ့ထဲမှာမှ အပူရှပ်လူနာက လေးလပိုင်းထဲမှာကခန့်မှန်းခြေ ၂၀ ၊ ၂၀ ​ေ ကျော်လောက်ရှိမယ်၊ခုလေးလပိုင်းမှာပိုအဖြစ်များတယ် ” လို့ မဏိစလအသင်း အဖွဲ့ဝင်တဦးကပြောပြ ပါတယ်။
အဆိုပါ သေဆုံးသူတွေထဲမှာ အသက် ၄၀ ကျော်၊အသက် ၅၀ ကျော်အရွယ်တွေပိုများကြောင်း ၊ အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ကာသေဆုံးကြတာဖြစ်တယ်လို့သိရပါတယ်။
အပူရှပ်ပြီး သေဆုံးတဲ့အရေအတွက်မြင့်လာတာကြောင့် လူမှုကူညီရေးအသင်းတွေအနေနဲ့လည်း အပူချိန်မြင့်တက်နေချိန်ဘအထူးသတိထားကြဖို့ အသိပေးထားကြပါတယ်။
မန္တလေးမြို့ကတော့ လက်ရှိ ဧပြီလ၃၀ ရက်နေ့အထိ ကမ္ဘာ့အပူဆုံး မြို့၁၅ မြို့စာရင်းမှာ ပါဝင်နေဆဲဖြစ်ပြီး အပူချိန်က ၄၄.၅°C အထိရှိနေတယ်လို့သိရပါတယ်။
မန္တလေးအပြင် မကွေးတိုင်းမှာလည်း ဧပြီ ၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိ Heat Stroke အပူရှပ်ပြီး သေဆုံးသူရှစ်ယောက်အထိရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW