မြန်မာဘက်ကို တင်ပို့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲကဖမ်း



မေ ၊ ၁ ၊၂၀၂၄
SP (VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ကနေ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ဆာငါအိုရွာ (Sangau khua) ဘက်ကို သယ်ဆောင်လာတဲ့ ဖောက်ခွဲရေးသုံး ခဲယမ်းပစ္စည်းတွေကို မနေ့ ဧပြီ ၃၀ က ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ Geletin အချောင်း ရှစ်ထောင်နဲ့ ၊ Detonator အချောင်း တထောင့်ငါးရာ ဖြစ်ပြီး မြန်မာဘက်ကို တရားမဝင် တင်ပို့တာကြောင့် အခုလို ကားသမားဖြစ်သူကို Hnahthial ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖောက်ခွဲရေး ပစ္စည်းတွေကို ကားနဲ့ သယ်ဆောင်လာသူဟာ ဘယ်နိုင်ငံသားဆိုတာ အဲ့ဒီထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

” ပြီးခဲ့တဲ့ မတ် ၂၄ ရက်က အိန္ဒိယ – မြန်မာ နယ်စပ် ဇိုခွာသာရ်ရွာမှာ မြန်မာဘက်ပို့မယ့် M4 ရိုင်ဖယ်သေနတ် တလက်၊ ကျည်ကပ်ပါ ဂျာမန်ပစ္စတိုသေနတ် တလက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တလုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနှင့် ဟဲလ်မက် နှစ်လုံးကို မြန်မာနိုင်ငံသား တယောက်ဆီကနေ မီဇိုရမ်ရဲက ဖမ်းမိတယ် ၊ နောက်ပြီး ၊ ပြီးခဲ့တဲ့ မတ် ၁၈ ရက်အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ ချင်းပြည် နယ်၊ ဖလမ်းမြို့နယ် ခွါမွေးကျေးရွာမှာနေထိုင်တဲ့ ဦးဗျက်ရဲမ် အသက် ၂၉ နှစ် နဲ့ သူ့မိန်းမ ဒေါ် ရမ်ထဇွာလ် အသက် ၂၈ နှစ်တို့က 125 ဆိုင်ကယ်တစ်စီးနဲ့အတူ မြန်မာဘက်ကိုတင်ပို့မယ့် ဖောက်ခွဲရေး မိုင်း Gelatin ၁၁၀ ချောင်းနဲ့ ယမ်းကြိုး ဒီတိုနီတာ ၁၁၀ ချောင်းတို့ကို သယ်ယူ လာစဥ် မီဇိုရမ်ပြည်နယ် ပူးပေါင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တယ် ” လို့ မီဇိုရမ်ဒေသခံ မြန်မာတယောက်က ပြောပါတယ်။

မီးဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က
” ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၁၁ ရက်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ရှာဟာခရိုင်ကနေ နယ်စပ်ဖြတ်ပြီး မြန်မာဘက်ကိုပို့မယ့် စစ်ဘက်ရေးရာ ဆက်သွယ်ရေး စကားပြောစက် (Walkie Talkie) အလုံး ၁၇၀ ကျော်ကို အာသံရိုင်ဖယ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရတယ် ၊ အဲ့ဒီအပြင် မတ် ၅ ရက်တုန်းကလည်း အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကျေးရွာတွေဖြစ်တဲ့ ပန်ခွာရွာနဲ့ စငါအိုရွာကြားမှာ မြန်မာဘက်ကို တင်ပို့ဖို့လို့ ယူဆရတဲ့ စနိုက်ပါ ကျည်ဆံ အတောင့် သုံးထောင်ကျော်နဲ့ စစ်သုံး စနိုက်ပါ မှန်ပြောင်းတွေကို ၊ မီဇိုရမ်ပြည် ၊ မြန်မာနယ်စပ်မှာရှိတဲ့ စငါအိုကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ ကိုဗန်လာလ်ပဲခ့်အာ အသက် ၃၄ နှစ် ဆိုသူဆီက ဖမ်းဆီရမိတယ် ၊ အရင်ကလည်း မြန်မာဘက်ကို တင်ပို့မယ့် စစ်လက်နက်ပစ္စည်းတွေ မီဇိုရမ်ပြည်နယ်ထဲမှာ ဖမ်းဆီးရမိတာတွေရှိတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် အိန္ဒိယဘက်ကနေ မြန်မာဘက်ကို တင်ပို့မယ် လက်နက်ခဲယမ်းတွေ ဒီရက်ပိုင်းအတွင်း မကြာခဏ ဖမ်းဆီးရမိသလို မူးယစ်ဆေးဝါး နယ်စပ်ကုန်သွယ်မှုတွေလည်း ဖမ်းမိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW