ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာသူဦးရေ တသိန်းခြောက်သောင်းကျော်အထိ မြင့်တက်လာ

မေ ၁ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေ တသိန်းခြောက်သောင်းကျော်အထိ မြင့်တက်လာ‌နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က ဒီကနေ့ မေ ၁ ရက်‌နေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ခန့်မှန်းခြေ တသိန်းခြောက်သောင်း ခြောက်ထောင်အထိ မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
UNOCHA ရဲ့ အသိပေးချက်မှာ “ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေး တင်းမာမှုအပေါ် စိုးရိမ်စရာတွေ မြင့်တက်လာတာတွေနဲ့အတူ အခြေအနေတွေက ရုတ်ချည်း ဆိုးရွားလာနေပါတယ်။ ကူညီထောက်ပံတာတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုရဲ့ ရုံးနဲ့ ဆေးပေးခန်းတခု ဧပြီလ ၁၅ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသလို အစောပိုင်း ရက်ပိုင်းတုန်းကလည်း ဘူးသီးတောင်မြို့လယ်က အိမ်ခြေ ၅၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရတယ်” လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေ လျော့နည်းလာနေသလို သောက်သုံးရေ ရှားပါးမှုဟာလည်း စိုးရိမ်စရာဖြစ်လာတယ်လို့ သိရပါတယ်။
“နေကပူတော့ ကန်တွေခန်းခြောက်ပြီး သောက်သုံးရေတွေ ပြတ်လပ်ကုန်တာပေါ့။ ကုန်စျေးနှုန်းတွေကလည်း တအားထိုးတက်နေတယ်။ သွားရေး လာရေးကလည်း အဆင်မပြေဆိုတော့ စားဝတ်နေရေးကတော့ အထူးအခက်အခဲဖြစ်နေကြတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံအရပ်သားတွေဟာ နေရာအတည်တကျမရှိ တရွာဝင်တရွာထွက်နဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး တချို့ဒေသခံတွေကတော့ ထွက်ပြေးဖို့ ငွေကြေးမတတ်နိုင်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့ရွာတွေမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေဟာ နီးစပ်ရာတောတောင်တွေထဲအပြင် ဘုန်းကြီးကျောင်းတွေနဲ့ တခြား ဆွေမျိုးနီးစပ်နေရာတွေမှာ ခိုလှုံနေကြရပြီး စားနပ်ရိက္ခာအပြင် စောင်နဲ့အနွေးထည်တွေ မလုံလောက်တာကြောင့် ကျန်းမာရေး ထိခိုက်လာကြတယ်လို့လည်း သိရပါတယ်။
ဒါအပြင် ချင်းပြည်နယ်၊ ပလက်၀မြို့မှာလည်း အခု ၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းကစလို့ ရက္ခိုင့်တပ်တော် (AA) နစကတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် မြို့ခံအများစုမှာ ကုလားတန်မြစ်အထက်ပိုင်းနဲ့ အောက်ပိုင်းက ကျေးရွာတွေဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး အများစုမှာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြ‌သေးဘူးလို့ သိရပါတယ်။
ပလက်၀မြို့ပေါ်မှာ အိမ်ထောင်စု ၁၇၀၀ ၀န်းကျင်လောက် ရှိတာမှာ လက်ရှိ မြို့တွင်းနေထိုင်သူတွေဟာ အိမ်ထောင်စု ၃၀၀ ဝန်းကျင်လောက်သာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မြို့ထဲ ကျန်နေတဲ့သူတွေက တိုက်ပွဲအတွင်း မတိမ်းရှောင်ဘဲ ကျန်နေကြတဲ့သူတွေပါ။ ပြီးတော့ တချို့ကျတော့လည်း အဝေးကြီးတွေမပြေးကြဘူး။ အနီးအနားတင်နေပြီးတော့ ပြန်လာကြတဲ့ သူတွေပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ပလက်ဝမြို့နယ်တခုလုံး ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေဆဲဖြစ်ကာ ဖုန်းပြောချင်တဲ့အခါ ပလက်၀မြို့ကနေ ၅ နာရီလောက် သွားရတဲ့ မီးဇာကျေးရွာဘက်၊ ဒါမှမဟုတ် ဖုန်းလိုင်းမိတဲ့ တောင်ကုန်းပေါ်ကို တက်ပြီး ပြောရတယ်လို့ သိရပါတယ်။
ဒါအပြင် UNOCHA ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ (အရှေ့တောင်ပိုင်း) မှာ နစကတပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံကြား ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာမှာ အထူးသဖြင့် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အရပ်သား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာတွေ ဆက်လက် မြင့်တက်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာ ဘေးကင်းလုံခြုံရေး အခြေအနေတွေဟာ ရုပ်ချည်း ပြောင်းလဲနေပြီး မြဝတီနဲ့ ကော့ကရိတ်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အရပ်သား ရွှေ့ပြောင်းသွားလာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီမြို့ဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ခေတ္တ ထိန်းချုပ်ရယူထားမှုကနေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ နစကတပ်ရဲ့ထိန်းချုပ်ရယူမှုအောက်ကို ပြန်ရောက်ခဲ့တယ်လို့ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြဝတီမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေက လူပေါင်း ၄၀၀၀ လောက်ဟာ တိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရွံ့စိတ်တွေနဲ့ နေရပ်စွန့်ခွာနေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) က ဖယ်ခုံမြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် ဧပြီလ ၂၀ နဲ့ ၂၃ ရက်နေ့ကြားမှာ အရပ်သားငါးယောက် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အစီရင်ခံထားတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW