ပခုက္ကူ – ရေစကြို ကားလမ်း ပန်းတိုင်းခြုံရွာနားမှာ နစကတပ်ဖွဲ့ဝင် ၈ ယောက် တိုက်ခံရလို့သေဆုံး



မေ ၊ ၃ ၊ ၂၀၂၄
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး ၊ ပခုက္ကူ – ရေစကြို ကားလမ်းမှာ မနေ့ မေ ၂ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က PDF အဖွဲ့တွေက တိုက်ခိုက်လို့ နစကရဲ့ ရဲတပ်ဖွဲဝင် ရှစ်ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေပါ ၊ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပခုက္ကူ – ရေစကြို လမ်းပိုင်းအတွက် ၊ လမ်းလုံခြုံရေး တာဝန်ထမ်းဆောင်ဖို့ လာတဲ့ အဖွဲ့တွေကို PDF တွေက စောင့်ကြိုတိုက်ခိုက်ခံရလို့ သေတယ် ” လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက် ပြောပြတာက
” ဖြစ်စဥ်ကတော့ ကြားရတယ် ၊ နေပြည်တော် ဘက်က ရဲတပ်ရင်းက တပ်ဖွဲ့ဝင်တွေလို့ ကနဦးသိရတယ် ၊ လမ်းလုံခြုံရေး တာဝန်ထမ်းဆောင်ရင်း အရာရှိ ၁ ဦး ၊ အခြားအဆင့် ၇ ဦး ၊ စုစုပေါင်း ၈ ယောက် ထိခိုက်သေဆုံးတာဖြစ်တယ် ၊ အဲ့ဒီ အပြင် လက်နက်ခဲယမ်းတွေလည်း ပျောက်ဆုံးနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာမှာရှိတဲ့ ချယ်ရီဦး လက်ဘက်ရည်ဆိုင်မှာ စားသောက်နေတဲ့ ကိုကျော်နိုင်ဝင်း ၄၃ နှစ်ဆိုသူကို အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ပစ်သတ်သွားတဲ့ ဖြစ်စဥ် ပေါက်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီ ၂၅ ရက် ၊ မနက် ၉ နာရီဝန်းကျင်က ရေစကြိုမြို့၊ရွာပိုးရပ်မှာနေတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဖိုးမင်းဆိုသူ ပစ်သတ်ခံရပြီး ၊ ပစ်သတ်သူတွေဟာ ထင်းတန်းလမ်းဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် ၊ အောက်အိုကျေးရွာနေ ထွေ/ အုပ် အငြိမ်းစား ဦးဆန်းလေးဆိုသူဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေရဲ့ ဖမ်းဆီးခံရပြီးနောက် ဧပြီ ၂၆ ရက် မနက်ပိုင်းက သစ်ကောက်ဆိပ်ကျေးရွာအနောက်ဘက်မှာ ဓားနဲ့ခုတ်သတ်ခံထားရတဲ့ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ခံတယောက်က ” မေ ၁ ရက် ၊ မနက်ပိုင်းက ကံဘဲ့ကျေးရွာနားက ဘုန်းကြီးကျောင်းမှာ လက်လုပ်မိုင်းနဲ့ မိုင်းဆက်စပ်ပစ္စည်းတွေ နစက လုံခြုံရေးအဖွဲ့က သိမ်းဆည်းရမိတာရှိတယ် ၊ ပခုက္ကူ – ရေစကြိုလမ်းမှာက ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူ များပြီဖြစ်တယ် ၊ ပြီးခဲ့တဲ့ လေးနှစ်အတွင်း အဲ့ဒီလမ်းမှာ ထိခိုက်သေဆုံးရသူပေါင်း တရာနီးပါးရှိတယ် ” ပြောပါတယ်။

ဒေသခံ ပရဟိတသမား တယောက်ရဲ့ မှတ်တမ်းအရ
” ပြီးခဲ့တဲ့ ဧပြီ ၆ ရက် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပခုက္ကူ ရေစကြို ကားလမ်း ပန်းတိုင်းခြုံကျေးရွာနားမှာ ကော်ဖီမစ်ကား ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ကုမ္မဏီ ဝန်ထမ်း နှစ်ယောက်သေဆုံးတယ် ၊ နောက်ပြီး ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က ရေစကြိုမြို့နယ် ၊ ဆင်ချောင်းကျေးရွာထဲက ထွက်လာတဲ့ ပြည်သူ့စစ်ကားနဲ့ ဆိုင်ကယ်တွေကို ပခုက္ကူ – ရေစကြိုကားလမ်းမှာ ပစ်ခတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံးပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ ကျည်ဆံတွေပါသွားတယ် ၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းကလည်း ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြှေ့အောင် ဆိုသူဟာ သူ့ရဲ့ စစ်တပ် ခလရ ၂၅၇ ကနေ မစဖ ရုံးကို ကားနဲ့ပြန်အလာမှာ မြို့မရဲစခန်းအနီး မြို့ဝင်ဆိုင်းဘုတ်နားအရောက် PDF တွေက စောင့်ကြိုပစ်ခတ်တာကြောင့် ခြေေထာက် ဒဏ်ရာရတယ်” လို့ ပြောပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW