ဘရာဆီးလီးယား၊ မေ-၃-၂၀၂၄
မျိုးဆက်(VOM)
ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကြီးရေလျှံမှုများအတွင်း ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်မှာ လူ ၆၀ ကျော်ပျောက်ဆုံးနေပါတယ်။ ဒေသခံတွေဟာ ဧပြီ ၂၇ ရက်ကတည်းက သူတိုရဲ့ နေအိမ်များကို စွန့်ခွာနေခဲ့ရပြီး လူပေါင်းငါးသိန်းဟာ လျှပ်စစ်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေပါတယ်။
ကိုတီပိုရာနဲ့ ဘန်တိုဂွန်ကယ်ဗက်မြို့ကြားရှိ ရေကာတာတခုလည်း ကျိုးပေါက်ခဲ့ပြီး ခြောက်ပေကျော်မြင့်တဲ့ ရေလှိုင်းများဖြစ်ပေါ်ခဲ့ကာ ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ပျောက်ဆုံးနေသူတွေနဲ့ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဉ်တွေလည်း စေလွှတ်ဖြန့်ကြက်ထားပြီး အချို့နေရာတွေမှာ အခြေအနေဆိုးရွားမှုကြောင့် ရဟတ်ယာဉ် ဆင်းသက်နိုင်ခြင်းမရှိကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
လာမယ့် ရက်များအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါတယ်။ ပြီးခဲ့သည့်နှစ်ကလည်း ဒီပြည်နယ်မှာပဲ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Reuters
ဘရာဇီးရေဘေး လူ ၃၀ သေဆုံးပြီး ၆၀ ကျော်ပျောက်ဆုံးနေ
