မြိတ်ကို လေကြောင်းကနေ ခရီးသွားမယ်ဆိုရင်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ စီးခွင့်ရမယ်



မေ ၁၁ -၂၀၂၄
GG (VOM)

တနင်္သာရီ တိုင်း၊ မြိတ်ကို အသွားအပြန်လုပ်မယ့်ခရီးသည်တွေအနေနဲ့ လေကြောင်းနဲ့ခရီးသွားမယ်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ စီးနင်းခွင့်ပြုမယ်လို့သိရပါတယ်။

” မြိတ်ကိုသွားမယ်ဆိုရင်လည်း ဘယ်မှာ နေမယ်ဆိုတာကို ဖော်ပြထားတဲ့ ရပ်ကွက်ထောက်ခံစာပါရမယ်၊မြိတ်ကနေ ထွက်မယ်ဆိုရင်လည်း ဘယ်ကိုသွားမယ်ဆိုတဲ့ ထောက်ခံစာပါရမှာပါ၊မပါရင်လက်မှတ်ဝယ်ထားလည်းစီးခွင့်မရပါဘူး၊ မြိတ်ကိုလာမယ့်သူက တည်းခိုခန်း၊ အသိမိတ်ဆွေနဲ့ ဆွေမျိုးတွေဆီမှာ နေမယ်ဆိုရင်လည်း မိမိနေထိုင်တဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုထောက်ခံစာ ပါရမှာပါ ၊ ကိုယ့်ဘက်ကအပြည့်စုံပါတော့ပိုကောင်းတာပေါ့ ” လို့ လေယာဥ်ဘက်မှတ်ရောင်းချသူတယောက်ကပြောပါတယ်။

ရပ်ကွက်ထောက်ခံချက်အပြင် UID စမတ်ကတ်၊မှတ်ပုံတင်လည်းပါဖို့လိုကြောင်း ၊ မေလ ၈ ရက်ကစပြီး ထောက်ခံအပြည့်အစုံယူဖို့ အသိပေးလာတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ လိုအပ်တဲ့ အထောက်အထားတွေကို လေဆိပ်ကို မဖြစ်မနေယူဆောင်လာရမှာဖြစ်ပြီး အထောက်အထားမပါရှိခဲ့ပါက လေယာဉ်ပေါ် တက်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်းသိရပါတယ်။

” မြိတ်မှာကအေးဆေးပါပဲ၊ ဘာလို့ခုလိုတင်းကြပ်လဲသေချာတော့မသိဘူး။အရင်ကခရီးသွားထောက်ခံစာပဲယူရတာ ၊အခုမှ တဆင့်တိုးတာပေါ့။ နယ်မြေမအေးချမ်းလို့ လုပ်တာထင်တယ်။ပြီးတော့ အလုပ်သမားတွေပြည်ပထွက်အလုပ်လုပ်မှာနဲ့ pdf တွေဝင်လာမှာစိုးလို့ထင်တာပဲ ၊ အခုက ကားလမ်းတွေကလည်းအကုန်ပိတ်နေတော့ လေကြောင်းပဲရှိတယ် ၊ safe ဖြစ်တာလဲလေကြောင်းပဲရှိတယ် ” လို့ မြိတ်ဒေသခံတေယာက်ကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်ကနေ မြိတ်ကို သွားဖို့အတွက် လမ်းပန်းဆက်သွယ်ရေးက မော်လမြိုင် ကျုံအိတ်တံတား ကျိုးတာတကြောင်း၊နယ်မြေမတည်ငြိမ်မှုတွေကြောင့် ကားလမ်းကသွားလာဖို့ခက်ခဲပြီး လေကြောင်းခရီးစဥ်သာရှိတယ်လို့သိရပါတယ်။

အလားတူ မြိတ် – ဘုတ်ပြင်း ၊ မြိတ်ကော့သောင်းကားလမ်းကလည်း မြိတ်- ထားဝယ်လမ်းမှာဖြစ်နေတဲ့တိုက်ပွဲကြောင့် ကားလမ်းတွေပိတ်နေလို့ မြိတ်ကနေ ဘုတ်ပြင်းကိုရေကြောင်းနဲ့သွားနေရပါတယ်။

ရေကြောင်းနဲ့မသွားလိုပါက လေကြောင်းခရီးစဥ်နဲ့သာသွားလာနိုင်တာကြောင့် လက်မှတ်ဝယ်ယူမှုများနေတယ် လို့သိရပါတယ်။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW