အာဖဂန်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၆၀ ထက်မနည်းသေဆုံး



ကဘူးလ်၊ မေ-၁၁-၂၀၂၄
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၆၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဘတ်ချ်လန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပွားပြီးနောက် ခရိုင်ငါးခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။ ဒေသတွင်းမှာ နောက်ထပ် မုန်တိုင်းနှစ်ကြိမ် တိုက်ခတ်နို်ငခြေရှိတာကြောင့် သေဆုံးသူအရေအတွက် တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဧပြီလမှစပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့ပါသေးတယ်။ လက်ရှိရေကြီးမှုမှာ သေဆုံးသူအများစုကတော့ ဘတ်ချ်လန်ပြည်နယ်ကလို့တာဝန်ရှိသူတွေက ပြောပါတယ်။

ရေဘေးကြောင့် လူ ၂၀၀ ကျော် နေအိမ်တွေမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေးရဟတ်ယာဉ်များ စေလွှတ်ခဲ့ပေမယ့် ညအချိန်မီးပြတ်တောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ မအောင်မြင်ခဲ့ဘူးလို့ အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီအတောအတွင်း စစ်တပ်နဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့ညွှန်နဲ့ အပျက်အစီးတွေအောက်မှာ ဖြစ်နိုင်ခြေရှိတဲ့ ပိတ်မိနေသူတွေကို ရှာဖွေနေကြပါတယ်။ လက်ရှိမှာတော့ အာဖဂန်မြောက်ပိုင်းကနေ မြို့တော်ကဘူးလ်ကိုသွားတဲ့ အဝေးပြေးလမ်းမကြီးကို ပိတ်ထားရပါတယ်။

နိုင်ငံအနောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူဒါဇင်ချီသေဆုံးပြီး လူထောင်ပေါင်းများစွာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

Ref:BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW