ပဲခူး မိုးယွန်းကြီးအင်းကွင်းမှာ မိုးသက်လေးပြင်းကျရောက်ပြီး မိုးကြိုးထိမှန်လို့ လူနဲ့ တိရစ္ဆာန်တွေသေဆုံး



မေ ၊ ၁၃ ၊ ၂၀၂၄
TT (VOM)

ပဲခူးတိုင်း ၊ ပဲခူးမြို့နယ် ၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု ၊ ဝမ်းဘဲအင်းကျေးရွာ ၊ မိုးယွန်းကြီး အင်းကွင်းမှာ မေ ၁၂ ရက် မနေ့ ညနေပိုင်း ၅ နာရီခွဲ ဝန်းကျင်က မိုးသက်လေပြင်းကျရောက်တိုက်ခတ်တာကြောင့် မိုးကြိုးထိမှန်ပြီး လူနဲ့ တိရစ္ဆာန်တချို့ သေဆုံးတယ်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ထူးခြားဖြစ်စဥ် သတင်း မှတ်တမ်းတွေအရ သိရပါတယ်။

အစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က ညနေပိုင်းမှာ မိုးလေကျတဲ့အချိန် မိုးယွန်းကြီးအင်းကွင်းက လယ်ယာလုပ်ကိုင်းတဲ့သူတွေဟာ လှည်းကိုယ်စီးနဲ့ ရွာပြန်ကြတယ် ၊ အဲ့ဒီအချိန် လမ်းမှာ ရွာပြန်လာတဲ့ လှည်းတွေထဲက ရှေ့ဆုံးလှည်းကို မိုးကြိုးပစ်ခံရတယ် ၊ အဲ့ဒါကြောင့် လှည်းသမား ဦးလှမျိုးထွန်းဆိုသူနဲ့ လှည်းမှာ ကထားတဲ့ ကျွဲနှစ်ကောင် သေဆုံးတယ် ” လို့ ပြောပါတယ်။

မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ ခန့်မှန်းရေးမှူးတယောက်က
“.မြန်မာနိုင်ငံမှာ မုတ်သုံဝင်ရောက်တော့မယ်ဆိုတာနဲ့ တပြိုင်နက် မိုးကြိုကာလကို ရောက်ရှိလာတော့မှာဖြစ်တယ် ၊အဲ့ဒီ ကာလအတွင်း မိုးကြိုးပစ်တာ ၊ လေပြင်းတိုက်ခတ်တာ ၊ မိုးသီးကျတာ အပြင် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာနိုင်တယ် ၊ နောက်ပြီး အနောက်တောင်မုတ်သုံလေဟာ မေ ၂၁ ရက်ကနေ၂၆ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသ​တွေ ၊ မေ ၂၇ ရက်ကနေ ဇွန် ၂ ရက်အတွင်း မြစ်ဝ ကျွန်းပေါ်ဒေသတွေဘက်ကို အသီးသီး ဝင်ရောက်နိုင်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း မွန်ပြည်နယ် သထုံမြို့နယ် ၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ် အပိုင်း ၊ မင်းတဲစုရပ်ကွက်မှာရှိတဲ့ အုတ်ဖိုလုပ်ငန်းခွင်မှာ သားအမိနှစ်ဦး မိုးကြိုးစက်ကွင်း မိပြီး သတိလစ်မေ့မြောမှု ဖြစ်ပွားခဲ့ပါတယ် ၊ ဒါ့အပြင် မေ ၅ ရက်ကလည်း ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် ၊ ဆင်ခြံကျေးရွာအုပ်စုမှာ လယ်ထွန်ဖို့ စောင့်နေတဲ့ လယ်သမား အမျိုးသားနှစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။

မတ် ၄ ရက် ညနေ ၅ နာရီဝန်းကျင်က မကွေးတိုင်း ၊ မြိုင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကြားက ယာယီတိုက်ပွဲရှောင်နေသူ သားအဖ နှစ်ယောက် မိုးကြိုးထိမှန် သေဆုံးတဲ့အပြင် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘုတလင်မြို့နယ် ၊ ကံသစ်အနောက်တောရွာနဲ့ အုပ်အိုင်ရွာမှာ မိုးကြိုးထိမှန်လို့ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။

အဲ့ဒီအပြင် ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးကောင်းမြို့နယ် ၊ ဆားမှော်ကျေးရွာရဲ့ တောင်ဘက် ၊ ဒေသအခေါ်ဆူးနိမ်ကွင်းမှာရှိတဲ့ နွားစားကျက်ကို ပြီးခဲ့တဲ့ မေ ၂ ရက်က မိုးကြိုးပစ်ခတ်တာကြောင့် နွား၂၄ ကောင် ထိခိုက်သေဆုံးခဲ့တဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် မုံရွာမြို့ ၊ ထန်းတော ဇီးခြံရပ်ကွက် ၁၉ လမ်းမှာနေထိုင်တဲ့ ကလေးတယောက် အိမ်မိုးသွပ်ပြား ထိမှန် သေဆုံးခဲ့ရပြီး ၊ ပြီးခဲ့တဲ့ မေ ၂ ရက် ညနေ ၄ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ကြာညှပ်တိုက်နယ် ၊ ကိုးပင်ကျေးရွာနားမှာ တိုက်ပွဲရှောင်တဲ မိုးကြိုးပစ်ခတ်ခံရလို့ လူသုံးယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

အဲ့ဒီအပြင် မြန်မာပြည် အလယ်ပိုင်းက ယာယီတိုက်ပွဲရှောင်တွေ အများစု နေထိုင်ရာ ဒေသတွေမှာ ဒီရက်ပိုင်းအတွင်းရာသီဥတု ဆိုးရွားစွာ ဖောက်ပြန်လာတာကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး လူ သေဆုံးမှုတွေ များပြားလာတယ်လို့ ကူညီစောင့်ရှောက်ပေးရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

” ရာသီဥတု ပြောင်းလဲမှုဒဏ်က်ို ဆိုးဆိုးရွားရွားခံနေရတဲ့ ယာယီတိုက်ပွဲရှောင် ဒေသကတော့ မန္တလေးတိုင်းဘက်က စဥ့်ကူး ၊ မတ္တရာ ၊ သပိတ်ကျင်း ၊ စစ်ကိုင်းတိုင်းဘက်က အရာတော် ၊ ဒီပဲယင်း ၊ ဝက်လက် ၊ ခင်ဦး ၊ ကန့်ဘလူ ၊ ကောလင်း ၊ တန့်ဆည် ၊ ကနီ ၊ ဆားလင်းကြီး ၊ကလေး ၊ မကွေးတိုင်းဘက်က ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ဆော ၊ ထီးလင်း ၊ ဂန့်ဂေါ စတဲ့ ယာယီတိုက်ပွဲရှောင် နေရာတွေမှာ လူဦးရေ စုစုပေါင်း ခြောက်သောင်းကျော်လောက်ရှိတယ် ၊ အဲ့ဒီဒေသတွေမှာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပြင်းပြင်းထန်ထန်းခံစားနေရတယ် ၊ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ ယာယီတိုက်ပွဲရှောင် သေဆုံးရသူ ၈၀ ကျော်ရှိတယ် ၊ လက်ရှိအချိန်ထိ ဆေးကုသနေရဆဲ လူနာ ၅၀ ကျော်ရှိတယ် ” လို့ ယာယီတိုက်ပွဲရှောင် ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတသမား ကိုကျော်နိုင်က ပြောပါသေးတယ်။

ဓာတ်ပုံ ၊ မနေ့က မိုးယွန်းကြီးအင်းကွင်း မိုးကြိုးထိမှန် မြင်ကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW