အင်းတကော် ဆယ်မိုင်ကုန်းဆင်းမှာ တွဲကားနဲ့ အိမ်စီးကားတိုက်မိလို့ လူ သုံးဦးသေဆုံး

မေ ၁၃ ၊ ၂၀၂၄
TT (VOM)
ပဲခူးတိုင်း ၊ အင်းတကော်မြို့နယ် ၊ဘူးလယ်အင်းကျေးရွာအနီး ၊ ပဲခူ – ရန်ကုန်ကားလမ်း ၊ ၁၀ မိုင်ကုန်းဆင်းနေရာမှာ မနေ့ မေ ၁၂ ရက်က ယာဥ်မတော်တဆမှုဖြစ်ပြီး ယာဥ်ပေါ်မှာလိုက်ပါလာတဲ့ လူသုံးယောက် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှူးရုံးဆီက သိရပါတယ်။
ယာဥ်မှုစစ် အရာရှိတယောက်က
” ဖြစ်စဥ်က ရန်ကုန်ဘက်ကနေ ပဲခူးဘက်ကို မောင်းနှင်းလာတဲ့ Honda Acty အဖြူရောင် ကားတစီးဟာ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းကိုတိုက်မိပြီး ၊ တဖက်ယာဥ်ကြောပေါ်ကိုရောက်သွားတယ် ၊ အဲ့ဒီအချိန်မှာ တဖက်ယာဥ်ကြောပေါ်မှာ မောင်းနှင်လာတဲ့ ၂၂ ဘီး တွဲကားယာဥ်နဲ့ တိုက်မိတယ် ၊ အဲ့ဒါကြောင့် တဖက်ယာဥ်ကြောပေါ်ကို ရောက်လာတဲ့ ကားေလးကိုတိုက်မိတာကြောင့် ယာဥ်ပေါ်မှာလိုက်ပါလာသူ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ၊ စုစုပေါင်း သုံးယောက် ၊ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ် ၊ တိုက်မိတဲ့ တွဲကားယာဥ်ကတော့ ကားရှေ့ပိုင်းမှာရှိတဲ့ ဘန်ကာ ပျက်စီးသွားတယ်”လို့ပြောပါတယ်။
အဲ့ဒီ ယာဥ်မတော်တဆမှုမှာ သေဆုံးသွားတဲ့ လူသုံးယောက်ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အခုထိ အသိရသေးတာကြောင့် ၊ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ရုပ်အလောင်းတွေကို ပဲခူး ပြည်သူ့ဆေးရုံးကို ပို့ဆောင်ပေးထားရတယ်တဲ့အပြင် ပဲခူးတိုင်းယာဥ်ထိန်းတပ်ဖွဲ့ကလည်း အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်းပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ၊ ဘိုင်းဒါးကျေးရွာအနီး ၊ ရန်ကုန်- မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၈)မိုင် နဲ့ (၈၈)မိုင် (၁)ဖာလုံကြားမှာ ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားရာ လူ (၃)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
ဓာတ်ပုံ ၊ ပဲခူးတိုင်းယာဥ်မှုစစ်

Related posts

Leave a Comment

VOM News

FREE
VIEW