နေရပ်မပြန်နိုင်သေးတဲ့ ဇရပ်ကြီးနဲ့မုန်းက စစ်ရှောင်၄၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေ



မေ ၁၄ -၂၀၂၄
GG (VOM)

ပဲခူးတိုင်း ၊ မုန်း နဲ့ ဇရပ်ကြီးမြို့က နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေ ခုချိန်ထိနေရပ်မပြန်နိုင်သေးဘဲ တောင်ငူမြို့ပေါ်မှာ စစ်ရှောင်နေရဆဲဖြစ်လို့ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေလိုအပ်လာနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကသိရပါတယ်။

တောင်ငူမြို့က ဘုန်းကြီးကျောင်းအပါအဝင် စစ်ရှောင်စခန်းတွေမှာ ခုချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ရှိနေပြီး စစ်ရှောင်နေရချိန်ကြာမြင့်လာတာကြောင့် အလှူရှင်လည်းနည်းပါးလာကာ အကူအညီအထောက်အပံ့တွေ လိုအပ်လာနေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

” ဇရပ်ကြီးပါမယ်၊မုန်းပါမယ်၊အများစုကပြန်လိူ့မရတော့တဲ့သူများတယ် ပြန်ဖို့အိမ်မရှိကြတော့ဘူး ၊တချို့ကျလည်း အဘွားကြီးနဲ့ကလေးတွေပဲရှိတယ်ဆိုတော့ ဟိုမှာကလုံခြုံရေးပြောမရတော့ မပြန်ကြတာပေါ့။နောက်ပြီးလုံးလုံးပြန်လို့မရတဲ့ရွာတွေရှိတယ်၊ကြာလာတော့အလှူရှင်ပါးလာပြီးအခက်အခဲတွေရှိလာနေတာပေါ့။ ဘုန်းကြီးကျောင်းအပါ camp တွေရှိတယ်၊ဆေးဝါးအကူအညီလိုမယ်၊စားနပ်ရိက္ခာတွေလိုမယ်၊အဓိကပေါ့။အဓိကသွေးကျဆေးပေါ့ “လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ Save The Trees Rescue ဥက္ကဋ္ဌကိုကျော်သူရက ပြောပြပါတယ်။

နေအိမ်တွေရှိနေသေးတဲ့ ဇရပ်ကြီး စစ်ဘေးရှောင်အချို့ကတော့ ခုရက်ပိုင်းမှာ နေရပ်ပြန်မှုရှိပေမယ့် အများစုကတော့ ခုထိစစ်ရှောင်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။

စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် သောက်ရေသန့်၊ သုံးရေအတွက် လျှပ်စစ်မီးမလာပါက မီးစက်အသုံးပြုရတာကြောင့် စက်သုံးဆီလိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။

မုန်းမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ညကတည်းကစပြီး နစက လုံခြုံရေး တပ်ဖွဲတွေနဲ့ KNU ၊ KNLA ၊PDF အကြားတိုက်ပွဲအကြားတွေဖြစ်ပွားခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး အပြင် ကျေးရွာတွေက ပြည်သူတွေအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

မုန်းမြို့တိုက်ပွဲအကြားမှာ မုန်းမြို့မစျေးကြီးမီးလောင်ပျက်စီးခဲ့ရသလို လူနေအိမ်၊ဘာသာရေးအဆောက်အဦးတွေလည်း လက်နက်ကြီးထိမှန်ပျက်စီးမှုရှိခဲ့တဲ့အပြင် အရပ်သားသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။

အလားတူ ဇရပ်ကြီးမြို့မှာတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် လူဦးရေသောင်းနဲ့ချီပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရသလို တိုက်ပွဲကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။

ဇရပ်ကြီးမြို့မှာတော့ ဖေဖော်ဝါရီလကတည်းကတိုက်ပွဲတွေမရှိတော့လို့ မုန်းမှာလည်း ဒီဇင်ဘာလကုန်ကစပြီးတိုက်ပွဲမရှိတော့တာကြောင့် စစ်ရှောင်အများစုနေရပ်ပြန်ခဲ့ကြပေမယ့် အချို့ကတော့ပြန်စရာနေအိမ်မရှိတာကတကြောင်း ၊လုံခြုံရေးစိတ်မချဟုဆိုကာ ခုချိန်ထိနေရပ်မပြန်နိုင်သေးတာပဲ ဖြစ်ပါတယ်။

Photo:KTY

Related posts

Leave a Comment

VOM News

FREE
VIEW