သမ္မာအာဇီ၀ ဇာတ်လမ်း

 

 

ဆူးငှက်

 

 

ဗထူးကွင်းက အထူးတန်းဘက် အသံချဲ့စက်မှ သီချင်းတစ်ပုဒ်ဖွင့်ပြီးသောအခါ နှစ်ဖက်အသင်း ဘောလုံးသမားများသွေးပူ လေ့ကျင့်ခန်းလုပ်ကြဖို့ ကွင်းထဲသို့ ယူနီဖောင်း ကိုယ်စီနှင့် တန်းစီကာ ဝင်လာကြသည်။ ကွင်းထဲတွင်လည်း လေးဖက်လေးတန် ဘောလုံးပွဲကြည့်ပရိသတ် ပြည့်နေပြီဖြစ်၏။

 

 

ထိုအချိန်တွင် အထူးတန်း (ပရိသတ်အခေါ် မင်းဘားတန်း) အပေါ်ဆုံးထပ်မှ ဆီးညိုရောင်ရှပ်အင်္ကျီကို ကြယ်သီးအဖြူများနှင့်မီးပူကျ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဘောင်းဘီရှည် အဖြူစွတ်စွတ်နှင့် ပေါလစ်ရောင်တောက် ရှူးဖိနပ်များကို စမတ်ကျကျဝတ်ဆင်ထားသော အရပ်အမောင်းကောင်းကောင်း လူငယ်ခုနစ်ဦးက သားရေသေတ္တာပုံးများလွယ်ပြီး အောင်မြင်သော အသံဖြင့်”သမ္မာအာဇီဝ လာပါပြီခင်ဗျ။ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်” ဟု ပြိုင်တူအော်လိုက်ကြသည်။ ထို့နောက် ခုနစ်ဦးအနက် အလယ်ကောင်မှ ပုဂ္ဂိုလ်တစ်ဦးက ချန်ရစ်ပြီး တစ်ဖက်တစ်ချက်မှ သုံးဦးစီက တောင်ဖက်နှင့်မြောက်ဖက်ဆီ ညီညာစွာထွက်ခွာသွားကြပြီး တဖြည်းဖြည်း တစ်ကွင်းလုံး ပတ်လာတော့၏။ သူတို့က ပရိသတ်အကြား မြေပဲဆားလှော်ထုပ်များကိုရောင်းကြခြင်း ဖြစ်ပါသည်။ စက္ကူကတော့လေးနှင့် ကျစ်နေအောင် ထုပ်ထားသော မြေပဲဆားလှော်က တစ်ထုပ် ၁၅ ပြား ဖြစ်ပါသည်။(နောက်တော့ ၃၅ ပြား၊ တစ်ကျပ်ဖိုး သုံးထုပ် ဖြစ်သွား၏။

 

 

 

ထိုစဉ်အခါ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်သည် မန္တလေး၏ အမှတ်တရ၊ မန္တလေး၏ အမှတ်အသားတစ်ခုအဖြစ် မန္တလေးသားတွေ စွဲမှတ်နေပါတော့သည်။ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်သည် ဗထူးကွင်းတွင် မည်သည့်နှစ် မည်သည့်အချိန်အခါက စတင်ခဲ့သည်ကိုမူ ကျွန်တော်မမှတ်မိ၊ မသိရှိသော်လည်း နှစ်ရှည်လများ ရောင်းချခဲ့သော ဗထူးကွင်းမှာ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော် မမြင်ရတော့သော ကာလကိုတော့ ကျွန်တော်မှတ်မိသည်။ ဗထူးကွင်းအတွင်း တစ်ကွင်းလုံးအတွက် ဈေးရောင်းချမှုကို လေလံစံနစ်ဖြင့် ဆွဲယူစေခြင်းပုံစံ စတင်လိုက်သောအခါ အဖွဲ့အစည်းတစ်ခုက ထိုလေလံကိုရရှိသွားပြီးနောက် ဗထူးကွင်းမှ အောင်ဇော်ဝင်း ပျောက်သွားပါတော့သည်။

 

 

 

ကျွန်တော်သည် မြောက်ပြင်စည်သာလမ်းက သိန်းအောင်ကြီး လက်ဖက်ရည်ဆိုင်မှာ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်ပိုင်ရှင်ကို ပြန်တွေ့ရတော့ ယခင်က ကျစ်လျစ် တောင့်တင်းခိုင်မာသည့် အားကစားသမား တစ်ဦးအသွင် မြင်ခဲ့ဖူးသည့်ထိုပုဂ္ဂိုလ်ကြီးလည်း စွပ်ကျယ်လက်စ ကလေးနှင့် ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ဦး အသွင်ဖြစ်နေပါပြီ။ ကျွန်တော့်မိတ်ဆွေကဆေးလိပ်ဖွာရင်း ပြောပြပါသည်။

 

 

 

”သူ့နာမည်က ဦးသိန်းမောင်၊ အခု လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းအောင်ကြီးနဲ့က ညီအစ်ကိုဗျ” တဲ့။

ကျွန်တော်က မိတ်ဆွေစကားအဆုံး သိချင်တာတစ်ခုကိုအလောတကြီး မေးလိုက်သည်။

”ဒါဖြင့် အောင်ဇော်ဝင်းဆိုတာက”

”ဟာဗျာ အဲဒါ ဦးသိန်းမောင်ရဲ့ သားနာမည်ဗျ”

”သြော်”

ကျွန်တော့်မှာ အခုမှ ဇာတ်ရည်လည်တော့သည်။ မိတ်ဆွေကလက်ကြားထဲမှ ဆေးပေါ့လိပ်လေးကို စားပွဲအစွန်းတွင် အသာတင်လိုက်ပြီး ရေနွေးတစ်ခွက်ငှဲ့သည်။ ကျွန်တော့်ရှေ့ အကြမ်းပန်းကန်ကိုလည်းဆွဲယူပြီး ရေနွေးထည့်သည်။ ထို့နောက် ရေနွေးခရားကို အသာပြန်ချပြီး ဆက်ပြောပြန်သည်။

”သမ္မာအာဇီဝဆိုတာရော သိလားဗျ”

ကျွန်တော်က မိတ်ဆွေကို မော့ကြည့်လိုက်ပြီး

”ဟာဗျာ ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း အသက်မွေးဝမ်းကျောင်း ပြုတာပေါ့ဗျာ”

“ မှန်ပါတယ်ဗျာ..၊ ဒါပေမယ့် ဦးသိန်းမောင်ရဲ့ သမ္မာအာဇီဝက အဲဒီ အဓိပ္ပာယ်ဆောင်ပုဒ်အတိုင်း လိုက်နာ ကျင့်သုံးတာ အပြင်အခြားနည်းလမ်းတစ်ခုလည်း ရှိသဗျ”

ကျွန်တော်က ရေနွေးခွက်ကိုမ၍ သောက်မည်ပြုပြီးမှ မိတ်ဆွေစကားကို စိတ်ဝင်စားသွားသည်။ ထို့ကြောင့် ရေနွေးခွက်ကို ချပြီး

”လင်းစမ်းပါဦးဗျာ”

“ ဦးသိန်းမောင်ရဲ့သား အောင်ဇော်ဝင်းဆိုတော့ ‘သိန်းမောင်အောင်ဇော်ဝင်း’ ကို ကက်ကင်းရိုက်တာဗျ”

”ဘယ်လို ဘယ်လို”

”နေ့နံအတိုင်းသာမက အက္ခရာတစ်လုံးချင်းအလိုက်တစ်သဝေမတိမ်း ကက်ကင်းရိုက်တာလေဗျာ’’

”အင်း ဟုတ်ပြီ။ သိန်းမောင်ဆို သ-မ”

”ဟုတ်တယ်လေ အောင်ဇော်ဝင်းက အ-ဇ-ဝ”

”ဟုတ်ပြီဗျို့ သိန်းမောင် အောင်ဇော်ဝင်းဆိုတော့ သ-မ-အ-ဇ-ဝ”

”အဲဒါ သမ္မာအာဇီဝပဲလေဗျာ”

 

ကျွန်တော်သည် ရှေ့မှ ရေနွေးခွက်ကို မယူပြီး တရှုံ့ရှုံ့ သောက်နေမိသည်။ သြော်..။

 

 

ဆူးငှက်

 

 

#voiceofmyanmar #VOM #သမ္မာအာဇီ၀ဇာတ်လမ်း #ဆူးငှက်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW