ကုန်ဈေးနှုန်းဒဏ်ပိ ခက်ခဲနေမြဲ ပြည်သူ့ဝမ်းရေး

မေ၊၂၂၊၂၀၂၄
SN (VOM)
မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေ တက်ပြီးရင်း မြင့်တက်လာနေပါတယ်။ စားသုံးသူတွေ အားလုံးမှာ သောကအသီးသီး ရှိနေကြပါတယ်။ ဒီအခြေအနေတွေထဲမှာ ဝင်ငွေနည်းလူတန်းစား၊ ပုံသေဝင်ငွေရ လူတန်းစားတို့ရဲ့ သောက ကတော့ ပိုပြီး ကြီးမားလှပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံစားကုန်၊ အထွေထွေကုန်စည် ဈေးနှုန်းတွေဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ မြင့်တက်နေတာဟာ ခုချိန်ထိ အရှိန်လျော့သွားခြင်း မရှိသေးပါဘူး။ ငွေကြေးတတ်နိုင်သူတွေ လက်လှမ်းမီတဲ့ ရွှေမှအစ အခြေခံ စားသောက်ကုန်အထိ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ လူတန်းစား အများစုဟာ စားဝတ်နေရေး ပိုပြီး ခက်ခဲ ကျပ်တည်းတဲ့ ပြဿနာတွေကို နေ့ဓဒူဝ ရင်ဆိုင်နေကြရပါတယ်။
အမေရိကန်ဒေါ်လာဈေး၊ စက်သုံးဆီဈေးတွေ မြင့်တက်လာခြင်း၊ မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတဝန်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်းနဲ့ နိုင်ငံ့စီးပွားရေး အခြေမခိုင်မှု ဖြစ်စဉ်တွေက အခြေခံကုန်စည်ဈေး မြင့်တက်လာခြင်းကို အကြောင်းဖန်စေပါတယ်။ ဒါက ဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်း ချိန်ခွင်လျှာ မညီမျှမှုကို ဖြစ်ပေါ်စေပြီး အခြေခံပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှ စတင်ကာ တရိပ်ရိပ်မြင့်တက်လာခဲ့တဲ့ အခြေခံကုန်စည်တွေထဲမှာ ဆန်ဈေးနှုန်းက သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆန်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ နှစ်ကထက် အမျိုးအစားအလိုက် တဆကနေ သုံးဆအထိ မြင့်တက်နေပါတယ်။ အဲဒီလိုပဲ ဆီ၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာလည်း နှစ်ဆကျော် မြင့်တက်နေတယ်လို့ အိမ်ထောင်ရှင်မတွေရဲ့ ပြေပြချက်အရ သိရပါတယ်။
“ဝင်ငွေက တိုးမလာဘူး။ ထွက်ငွေကတော့ တိုးလာတယ်။ နေ့စဉ် ထမင်းနပ်မှန်အောင် မနည်း ချွေတာစားသောက်နေရတယ်။ တရက် ဈေးဖိုး တသောင်းလောက်ကို ကုန်နေတယ်။ အဲ့ဒါ ဆီမပါဘူး။ ကြက်သွန်တွေဘာတွေ မပါသေးဘူး။ ဟင်းစားဖိုးနဲ့ကို ကုန်နေတာ။ အသီးအရွက်ဆိုရင်လည်း တထောင်ဖိုးလောက်ဝယ်မှ တခွက်စာပဲရတယ်။ ကြက်ဥ တလုံး ၃၀၀ ဖြစ်နေပြီ။ မုန့်ဟင်းခါးတောင်မှ အလွတ်ကြီးပဲ တပွဲကို ၁၀၀၀ ဖြစ်သွားပြီ” ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ အိမ်ရှင်မတယောက်က ညည်းညူ ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်ခန့်က တလုံး ၂၅၀ ကျပ် ရှိခဲ့တဲ့ ကြက်ဥဈေးဟာ အခု တလုံး ၃၀၀ ကျပ် ရှိနေပြီး ဆန်အကြမ်း တအိတ်ကတော့ အရင် ကျပ် ကိုးသောင်းဝန်းကျင် ရှိခဲ့တာကနေ တလအတွင်း ကျပ် တသိန်းနှစ်သောင်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါအပြင် တခြား မီးဖိုချောင်သုံး ပစ္စည်းတွေလည်း ဈေးနှုန်း မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
စားသုံးဆီဆိုရင်လည်း ပုဇွန်နှစ်ကောင် (ယိုးဒယား) ဆီ ငါးလီတာက အရင် နှစ်သောင်း ခြောက်ထောင့်ငါးရာကျပ်ကနေ လက်ရှိမှာ နှစ်သောင်း ခုနစ်ထောင့်ငါးရာကျပ်ဝန်းကျင် ရောက်ရှိနေတယ်လို့ သိရပါတယ်။ ကြက်သွန်နီကတော့ တပိဿာ ၃၅၀၀ ကျပ်ကနေ အခု ၅၀၀၀ ကျပ်၊ ပဲသီး တစီး ၂၀၀ ကျပ်ကနေ အခု ၅၀၀ ကျပ်၊ ပန်းသီးတလုံး ၂၅၀၀ ကျပ်ဈေး ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒါအပြင် ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းဈေးတွေ၊ စာရေးကိရိယာနဲ့ ကျောင်းအသုံးဆောင်ပစ္စည်း စျေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ လာမယ့် ဇွန်လ ၃ ရက် (တနင်္လာနေ့) ရောက်ရင် အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေငြာထားတာပါ။ တနှစ်ထက်တနှစ် ပိုပြီး မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ကျောင်းဖွင့်ရာသီ မရောက်ခင်နဲ့ ရောက်ပြီးကာလတွေမှာ ကျောင်းသားတယောက်ရဲ့ ကုန်ကျစရိတ်အတွက် မိဘတိုင်း ခေါင်းခဲကြရပါတယ်။
အရင်က Grade 1 ကနေ Grade 5 အတန်း ကလေးငယ်တွေဝတ် အဖြူအစိမ်းဂါဝန်၊ အဖြူအင်္ကျီဘောင်းဘီအစိမ်းဆိုရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အများဆုံး ကျပ် ၃၀၀၀ ကျော်သာရှိတာပါ။ လတ်တလောမှာတော့ ကျပ် ၈၀၀၀ ကျော်လောက်အထိ မြင့်တက်လာတယ်လို့ ကျောင်းစိမ်းဝတ်စုံ ရောင်းချသူတွေဆီက သိရပါတယ်။
အသင့်ချုပ်ပြီးသား အဖြူအစိမ်းဝတ်စုံတွေ စျေးမြင့်တက်လာသလို ပိတ်စ အဖြူ၊ အစိမ်းကလည်း ပိတ်စအရည်အသွေး၊ ဒီဇိုင်းပေါ်လိုက်ပြီး စျေးနူန်းက သောင်းဂဏန်းအထိ ရှိနေပါတယ်။ အခြေခံပညာကျောင်းက ကလေးတွေအတွက် အစိုးရက အဖြူ၊ အစိမ်းဝတ်စုံ ထုတ်ပေးတာရှိပေမယ့် ခန္ဓာကိုယ်အရွယ်အစားအလိုက် ချုပ်ပေးတာမျိုးမဟုတ်တာကြောင့် ဝတ်လို့မရတာတွေရှိတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
စာရေးကိရိယာပစ္စည်းတွေ ဆိုရင်လည်း ဗလာစာအုပ် တဒါဇင်ကို စာရွက်အရည်အသွေးအလိုက် ကျပ် ၈၀၀၀ ကျော်ကနေ ၉၀၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။ ခဲတံကတော့ တဒါဇင်ကို ကျပ် ၃၀၀၀ ကျော်အထိ ရှိလာပါတယ်။
ဒါအပြင် ပို့ဆောင်ရေးကဏ္ဍမှာ မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးကုန်စည်ဖြစ်တဲ့ စက်သုံးဆီဈေးကွက်ကို ကြည့်မယ်ဆိုရင်လည်း လက်ရှိမှာ အောက်တိန်း ၉၂ တလီတာ ၂၆၂၅ ကျပ်အထိ ပေါက်ဈေးရှိနေတာကို တွေ့ရပါတယ်။ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၂၁ ခုနှစ်က အောက်တိန်း ၉၂ တလီတာ ဈေးနှုန်း ၆၅၀ ကျပ်ဝန်းကျင် ရှိခဲ့တာပါ။ ဒါကြောင့် သုံးနှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီဈေးဟာ ကျပ် နှစ်ထောင်နီးပါး မြင့်တက်လာတာကို တွေ့ရပါတယ်။
အလားတူ ဆေးဝါးဈေးကွက် အတွင်းမှာလည်း အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဆေးဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါအပြင် အိမ်သုံးဆေးဝါးတချို့၊ နာတာရှည်ရောဂါအတွက် သုံးစွဲရတဲ့ ဆေးဝါးတွေနဲ့ ကလေးအားဆေးတွေလည်း ပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အရင်က တကတ် ၂၄၀၀ ကျပ်ဝန်းကျင် ရှိခဲ့တဲ့ ဆီးချိုသွေးချိုဆေးတွေဟာ လက်ရှိမှာတော့ ၂၈၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။ ကလေးတွေ ဖျားနာ၊ ကိုက်ခဲတဲ့အခါ သောက်သုံးရတဲ့ ပါရာစီတမော ဆေးအရည် တပုလင်း ဆိုရင်လည်း အရင် ကျပ် ၂၀၀၀ ဝန်းကျင်ကနေ အခု ကျပ် ၆၀၀၀ ဝန်းကျင်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။
ပြည်တွင်းဈေးကွက်ထဲရှိ ဆေးဝါးအများစုကို ပြည်ပကနေ ဒေါ်လာနဲ့ ဝယ်ယူ တင်သွင်းနေရတာဖြစ်ပါတယ်။ ဒေါ်လာဈေးဟာလည်း လက်ရှိအချိန်မှာ အမြင့်ဆုံး ဈေးတန်းတခုဖြစ်တဲ့ တဒေါ်လာ ၄၀၅၅ ကျပ်ကို ရောက်ရှိနေတာပါ။ ဒေါ်လာဈေးတက်ခြင်းနဲ့ တင်သွင်းဖို့အတွက် ခွင့်ပြုချက် စောင့်ရချိန် ကြာမြင့်ခြင်းတွေကြောင့် ဆေးဝါး ဈေးကွက်အတွင်း ဈေးနှုန်းကြီးခြင်း၊ ပြတ်လပ်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ဒေါ်လာဈေးနဲ့အပြိုင် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းတွေလည်း စံချိန်တင် ဈေးတန်း ရောက်ရှိနေပါတယ်။ ရွှေဈေးဟာ လက်ရှိမှာ တကျပ်သား ငါးဆယ့်တသိန်းနီးပါးဈေး ဖြစ်ပေါ်နေပါတယ်။
နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းက မြန်မာနိုင်ငံမှာ အခေါက်ရွှေ တကျပ်သားဈေး ကျပ် ၁၃ သိန်း ဝန်းကျင်သာရှိခဲ့တာ ဖြစ်ပါတယ်။ သုံးနှစ်ကျော်ကာလအတွင်းမှာတော့ ကျပ် သုံးဆယ့်ခုနစ်သိန်း ရှစ်သောင်းဝန်းကျင် ထပ်မံ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရွှေဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာတဲ့အတွက် “ကျွဲကူးရေပါ” ဆိုသလို မြန်မာနိုင်ငံတဝန်းမှာ အထွေထွေကုန်ဈေးနှုန်းတွေလည်း အဆမတန် လိုက်ပါ မြင့်တက်လာပါတယ်။ ဒီရဲ့ အကျိုးဆက်ကတော့ ပြည်သူအတွေရဲ့ ဘဝတွေ နာလန်မထူနိုင်ဘဲ ချွတ်ခြုံကျလာခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် နစက ခေါင်းဆောင်ကတော့ ပြည်တွင်းမှာ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
လက်ရှိမှာတော့ ပြည်တွင်းမှာ မဖြစ်မနေပေးချေဖို့ ပြဌာန်းထားတဲ့လုပ်အားခဟာ နေ့စဉ် လူနေမှုစရိတ်အတွက် လောက်ငှမှုမရှိပါဘူး။ ကုန်ဈေးနှုန်းကလည်း ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ အရင်ကထက် သုံးဆလောက် မြင့်တက်လာလို့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုပြီး ကြပ်တည်းလာစေတာ ဖြစ်ပါတယ်။
“တရက်ရတဲ့ လုပ်အားခ ၄၈၀၀ ကပြောမယ်ဆို ဆန်တပြည်စာတောင် မရဘူး။ အခုက ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းနဲ့ အဆောင်လခတွေနဲ့ မပေးနိုင်တော့ ဘယ်လိုဖြစ်လဲဆို‌တော့ အကြွေးတွေနဲ့ပဲ ပတ်ချာလည်နေတာ” လို့ အထည်ချုပ်စက်ရုံဝန်ထမ်းတယောက်က ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းကြောင့် ရင်းနှီးမြှုပ်နှံမှုကျဆင်းတာနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ ဆိုးသထက်ဆိုးလာတယ်လို့ ပြည်တွင်းစီးပွားရေးသမားတွေက ပြောပါတယ်။ ပြည်သူတွေဟာ ဘေးကင်းလုံခြုံမှု မရှိတဲ့အပြင် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်လာရပြီး အခြေခံစားသုံးကုန်တွေ ဈေးနှုန်း မြင့်တက်လာတာကြောင့် စားဝတ်နေရေး ကျပ်တည်းတဲ့ ပြဿနာနဲ့ပါ ဆက်လက် ရင်ဆိုင်နေရတယ်လို့ ထောက်ပြကြပါတယ်။
ဒါအပြင် ကမ္ဘာ့ဘဏ်ကလည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကစလို့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် နစက ခေါင်းဆောင်ကတော့ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ မြန်မာ့စီးပွားရေး တောက်လျှောက် ဦးမော့လာတယ်လို့ ရုရှားသတင်းဌာနတခုကို ပြောဆိုထားပါတယ်။
ငွေကြေးဖောင်းပွမှုဟာ အချိန်ကာလတခုအတွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းလို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးသက်ရောက်မှုဟာ သာမန်အားဖြင့် နေထိုင်မှုစရိတ်တွေ မြင့်တက်တာ၊ ဒါမှမဟုတ် အလုံးစုံ ကုန်ဈေးနှုန်း မြင့်တက်တာတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ Gerald Ford က ငွေကြေးဖောင်းပွမှုဟာ ပြည်သူလူထုရဲ့ နံပါတ် (၁) ရန်သူဖြစ်တယ်လို့ ၁၉၇၄ ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။
အခုဆို မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး နေထိုင်စားသောက်စရိတ်တွေ မြင့်တက်လာပေမယ့် လုပ်ခလစာနဲ့ ဝင်ငွေတွေ တိုးမလာတဲ့အတွက် ဝင်ငွေနဲ့ထွက်ငွေ မျှတမှုမရှိဘဲ ဖြစ်နေကြရပါတယ်။ ပြည်သူလူထုရဲ့ အကျပ်အတည်း အကျိုးဆက်တွေဟာ နိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေအထိ ထိခိုက်စေပါတယ်။
ကုန်ဈေးနှုန်းမြင့်မားတာ အချိန်ကြာလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတွေက ပိုမိုနက်ရှိုင်းလာပါလိမ့်မယ်။ ဒါကြောင့် ကုန်ဈေးနှုန်း မြင့်မားစေတဲ့ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဝိသမလောဘသားတွေဟာ နိုင်ငံရဲ့အကျပ်အတည်းနဲ့ ငွေကြေးအကျပ်အတည်း တွေကို အသုံးချပြီး ပြည်သူလူထုဆီကနေ အမြတ်ထုတ်ဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်း တက်ရတဲ့ တခြားအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်သလို တဖက်မှာလည်း လတ်တလောအခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားနေကြတဲ့ ဝိသမလောဘသားတွေကိုလည်း ဟန့်တားဖို့လိုပါတယ်။ ဒါမှသာ ကုန်ဈေးနှုန်းကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး လူထုရဲ့နေ့စဉ်ဘဝတွေကို တိုက်ရိုက်အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။ ။

Related posts

Leave a Comment

VOM News

FREE
VIEW