မေ ၊ ၂၂ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်မှာရှိတဲ့ မြို့နယ် လူဝင်မှုနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) ရုံးကို မနေ့ မေ ၂၁ ရက် ၊ ညနေပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့က ရုံးထဲကိုဝင်ရောက်ပြီး ရုံးဝန်ထမ်းတချို့ကို ရိုက်နှက်ကာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ်လို့ စစ်ကိုင်း ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။
စစ်ကိုင်း လဝကရုံးနဲ့ နီးစပ်သူတယောက်က
” ညနေပိုင်း ရုံးဆင်းဖို့အချိန် အမည်မသိ (စုံစမ်းဆဲ) လူငါးယောက်က သေနတ်တွေကိုင်ပြီး ရုံးထဲကို ဝင်လာတယ် ၊ အဲ့ဒီနောက် ရုံးထဲမှာရှိတဲ့ ရုံးဝန်ထမ်းတွေကို သေနတ်ဒင်တွေနဲ့ ရိုက်နှက်တယ် ၊ ထိုးကြိတ် ကန်ကျောက်တယ် ၊ အဲ့ဒီအပြင် ” မင့်တို့က အခုထိ တာဝန်ထမ်းနေတုန်းလား ” လို့ပြောတယ် ၊ အဲ့ဒီ အချိန် နစက လှည့်ကင်းအဖွဲ့က ချက်ချင်းရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်တယ် ၊ ပြန်ပေးဆွဲ ဖမ်းဆီးခံရထားရတဲ့ ရုံးဝန်ထမ်းတွေကို အထိအခိုက်မရှိ နစက အဖွဲ့က ကယ်ပေးနိုင်ခဲ့တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” လဝက ရုံးဝန်ထမ်းတွေကို ဓားစာခံ ဖမ်းဆီတဲ့ PDF အဖွဲ့ကားနဲ့ နစက လှည့်ကင်းအဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ် ၊ PDF အမျိုးသား သုံးလောင်းနဲ့ အမျိုးသမီး နှစ်လောင်း အပါအဝင် MA-13 (R-48567) သေနတ် (၁)လက် ၊ MA-13 ကျည်အိမ်(၁)ခု ၊ MA-13 ကျည် (၁၅) တောင့် ၊ SIGSAUER P-320ပစ္စတို(ရွှေဝါရောင် ) သေနတ် ၁ လက်ကျည်အိမ်(၁)ခု ၊ ၉ မမ ကျည် ၃ တောင့် ၊ MDY-6D/5998 Honda Fid(ဖြူ) (လိုင်စင်စိစစ်ဆဲ) ကား ၁ စီး ၊ SGG-72W-86333 Honda Click 125-I လိုင်စင်(စိစစ်ဆဲ)ဆိုင်ကယ် (၁)စီး သိမ်းဆည်းရရှိတယ် ” လို့ပြောပါတယ်။
စစ်ကိုင်းမြို့ခံတယောက်က
” မနေ့ကညနေပိုင်းမှာ PDF နဲ့ လှည့်ကင်းလုံခြုံရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်တယ် ၊ မနေ့က ညနေပိုင်း ၆ နာရီနောက်ပိုင်း စစ်ကိုင်းမြို့ပေါ်က စားသောက်ဆိုင်တွေ ပိတ်ထားသလို လူသွားလူလာလည်း လုံးဝ မရှိဘူးဖြစ်သွားတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်ညကလည်း စစ်ကိုင်းမြို့နယ် ၊ ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ မိသားစု ဖမ်းဆီးသတ်ဖြတ်ခံရလို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း မေ ၇ ရက် စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ သုခကာရီ လူမှုကူညီရေး အဖွဲ့က ကိုဇင်ဖြိုးအောင် (ခ) ဖက်တီး ၊ ကိုအောင်သူ ၊ ကိုအာကာဖြိုးကျော်၊ ကိုအောင်အောင်၊ ကိုစိုးဝင်း၊ ကိုအေးဇာနည်ထွန်း ၊ စျေးသည် ကိုချစ်မင်းဦး အပါအဝင် ပရဟိတသမား ခုနှစ်ယောက်ကို PDF ထောက်ပို့ပေးလို့ဆိုပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါသေးတယ်။
Related posts
-
ဟဇ်ဘိုလာခေါင်းဆောင် သေပြီလို့ အစ္စရေးစစ်တပ် ကြေညာ
တဲလ်အဗစ်၊ စက်တင်ဘာ-၂၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်နိင်ငံ မြို့တော်ဘေရွတ်ကို ပြီးခဲ့တဲ့နေ့ညက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း... -
တောင်တရုတ်ပင်လယ်မှာ အမေရိကန်မဟာမိတ်တွေ စစ်ရေးလေ့ကျင့်ချိန် တရုတ်ကလည်း ပြိုင်တူ စစ်ရေးလေကျင့်
ပေကျင်း၊ စက်တင်ဘာ-၂၈-၂၀၂၄ မျိုးဆက်(VOM) တင်းမာမှုတွေမြင့်တက်နေတဲ့ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်စစ်တပ်ဟာ ဝေဟင်၊ ရေပြင်... -
ပြည်ပရောက် အလုပ်သမား လွှဲပို့ငွေစာရင်း မတင်ပြနိုင်လို့ အရေးယူခံရတဲ့ အေဂျင်စီ ၂၅၀ ကျော်ထိ ရှိလာ
စက်တင်ဘာ ၂၈ – ၂၀၂၄SS (VOM)ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့အတွက် အရေးယူခံရတဲ့...