ဇူလိုင် ၇ – ၂၀၂၄
SN (VOM)
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ရူပီးနဲ့ ကျပ် တိုက်ရိုက်ပေးချေမှုစနစ်ဟာ နယ်မြေတည်ငြိမ်မှု မရှိတဲ့ အခြေအနေတွေကြောင့် လတ်တလောမှာ အရာမထင်နိုင်သေးဘူးလို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရူပီးနဲ့ ကျပ်ငွေ ကုန်သွယ်မှု ငွေပေးချေရေးယန္တရား ပထမဆုံး စတင်လည်ပတ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပြီး နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ပြည်တွင်းငွေကြေး သုံးစွဲမှုကို မြှင့်တင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “လက်ရှိမှာက နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေး ချွတ်ခြုံကျနေချိန်ဖြစ်တယ်။ အိန္ဒိယနယ်စပ်မှာလည်း ကုန်သွယ်မှုက မရှိသလောက်ဖြစ်နေတယ်။ နယ်မြေတည်ငြိမ်မှု မရှိတဲ့အခြေအနေမှာ နယ်စပ်ကုန်သွယ်ရေးတွေအားလုံးက ရပ်တန့်နေတယ်။ အခုက ရေကြောင်းတမျိုးပဲ သွားနေတာ။ ဒါပေမယ့် ဒီ ရေကြောင်း ဆိုတာကလည်း ကုန်သွယ်မှု ကြီးကြီးမားမား မလုပ်နိုင်သေးဘူး။ ဒါကြောင့် ရူပီးနဲ့ ကျပ် တိုက်ရိုက်ပေးချေမှုစနစ်က လတ်တလောမှာတော့ လုံးဝ အရာမထင်နိုင်သေးဘူး။ မျှော်လင့်လို့လည်း မရနိုင်သေးဘူးလို့ ယူဆတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကတော့ ရူပီးနဲ့ ကျပ် ပေးချေမှုအတွက် လုပ်ကိုင်ခွင့်ရဘဏ် (Designated Bank) အဖြစ် မြန်မာနိုင်ငံဘက်မှ UAB ဘဏ်နဲ့ CB ဘဏ်၊ အိန္ဒိယဘက်မှ ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank – PNB) တို့ကို ခွင့်ပြုထားပြီး နယူးဒေလီမြို့ရှိ ပန်ဂျပ်အမျိုးသားဘဏ်မှာ Special Rupee Vostro Account (SRVA) စာရင်း ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နှစ်နိုင်ငံကုန်သည်တွေအနေနဲ့ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ရူပီးနဲ့ လိုင်စင်လျှောက်ထားရမှာဖြစ်ပြီး ဘဏ်လမ်းကြောင်းကတဆင့် တရားဝင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“တကယ်တော့ ဒါက ဒေါ်လာငွေသုံးစွဲမှု လျော့ကျအောင်လုပ်တဲ့ အစီအစဉ်မျိုးဖြစ်တယ်။ တကယ်တမ်း အလုပ်ဖြစ်မယ်ဆိုရင်လည်း ဘဏ်တွေရဲ့ငွေလဲလှယ်မှု နှုန်းထားတွေ အပြင်ပေါက်ဈေးနဲ့ မကွာဟဖို့၊ မြန်မာငွေဈေး တည်ငြိမ်ဖို့လည်း အဓိက လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ရင် ကုန်သည်တွေအတွက် နစ်နာမှုတွေရှိလာနိုင်တယ်” လို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကတော့ အိန္ဒိယနဲ့ ကုန်သွယ်တဲ့အခါ နယ်စပ်နဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုစလုံးမှာ ရူပီးနဲ့ ကျပ် ပေးချေမှုကျင့်သုံးမှာဖြစ်ပြီး အဲဒီစနစ်ဟာ အိန္ဒိယက တင်သွင်းတဲ့ ဆေးဝါးနဲ့ တခြား သွင်းကုန်တွေအတွက် ဒေါ်လာလိုအပ်ချက် လျှော့ချနိုင်မှာဖြစ်သလို ကုန်စည်နဲ့ ငွေပေးချေမှု လွယ်ကူချောမွေ့ကာ နှစ်နိုင်ငံဆက်ဆံရေးလည်း ကောင်းမွန်လာနိုင်မယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် ငွေလဲနှုန်း ရှုပ်ထွေးမှုတွေ၊ ကျပ်ငွေ၊ ရူပီးငွေရအောင် ဒေါ်လာငွေနဲ့ တဆင့်ခံ လဲလှယ်နေရတဲ့ အဆင့်တွေ လိုအပ်တော့မှာမဟုတ်ဘူးလို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ အိန္ဒိယဘက်ကို ပဲမျိုးစုံတင်ပို့နေတဲ့ ကုန်သည်တယောက်က “တကယ်တမ်း အဆင်ပြေပြေနဲ့ အလုပ်ဖြစ်သွားနိုင်ရင်တော့ ဒီစနစ်က ကောင်းပါတယ်။ ဒေါ်လာနဲ့ ပတ်သက်ပြီး အလုပ်မရှုပ်တော့ဘူးပေါ့။ တဆင့်ခံလဲစရာ မလိုတော့ဘူး။ ဒါပေမယ့် ပန်ဂျပ်ဘဏ် တခုတည်းနဲ့ပဲ ချိတ်ဆက်နိုင်သေးတော့ သိပ်တော့ တွင်ကျယ်မယ်မထင်ဘူး။ နှစ်နိုင်ငံဘဏ်နဲ့ ကုန်သည်တွေကြားမှာ ယုံကြည်မှုခိုင်မာဖို့လည်း လိုတယ်။ ဒါပေမယ့်လည်း လက်ရှိ နိုင်ငံရေး အခြေအနေအရတော့ လောလောဆယ်မှာ ဒီကိစ္စကြီးကို ကျွန်တော်အနေနဲ့ကတော့ အဆင်ပြေပြေ လည်ပတ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ လုံခြုံရေး အခြေအနေ၊ နယ်မြေ အခြေအနေတွေက ရှိသေးတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ မြို့တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး ကုန်သွယ်ရေး ယာယီ ရပ်တန့်ထားရသလို စစ်ကိုင်းတိုင်း၊ ကလေး-တမူး ကားလမ်းပေါ်မှာလည်း တိုက်ပွဲတွေရှိနေကာ အခုအချိန်အထိ အသွားအလာတွေ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
“လက်ရှိမှာ တမူးနယ်စပ်ဂိတ်ကနေ အိန္ဒိယကုန်စည်တချို့ ပြန်ပြီး ဝင်နေတယ်ဆိုပေမယ့် တကယ်တမ်း တရားမဝင် ကုန်သွယ်နေကြတာ။ ဒါကြောင့် ပြည်တွင်းမှာ အစစအရာရာ ဈေးကြီးနေတာပေါ့” လို့ ဒေသခံကုန်သည်တယောက်က ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ ပါဝင်ပြီး မြန်မာနိုင်ငံကနေ စတုတ္ထမြောက် ပို့ကုန်အများဆုံး တင်ပို့တဲ့နိုင်ငံ၊ ဆဋ္ဌမမြောက် သွင်းကုန်အများဆုံး တင်သွင်းတဲ့ နိုင်ငံလည်းဖြစ်သလို အာရှဗဟိုဘဏ်များ စာရင်းရှင်းလင်းရေးအဖွဲ့ (ACU) အဖွဲ့ဝင်နိုင်ငံတွေအနက် မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံး ပြုလုပ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်နားထားရတာဖြစ်ပြီး ချင်းတောင် (မြောက်ပိုင်း) ဒေသနဲ့ ကလေး၊ တမူးကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာကြောင့် ရပ်နားထားရတာဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ကျပ်နဲ့ ယွမ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ ကျပ်နဲ့ ဘတ် တိုက်ရိုက် ပေးချေတဲ့စနစ် ဆောင်ရွက်နေပြီး လက်ရှိမှာလည်း မြန်မာ-အိန္ဒိယ နယ်စပ်မှာ ကျပ်နဲ့ ရူပီး တိုက်ရိုက်ပေးချေတဲ့ စနစ်ကို ထက်မံ လုပ်ဆောင်လာကာ ဆက်လက်ပြီး ရုရှားနိုင်ငံနဲ့လည်း ကျပ် – ရူဘယ် ပေးချေနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#voiceofmyanmar #VOM #ရူပီး #ကျပ် #တိုက်ရိုက်ပေးချေမှု