ဩဂုတ် ၂၈ – ၂၀၂၄
SS (VOM)
အခု ဩဂုတ်လ ဒုတိယပတ်အတွင်း စံချိန်တင်အမြင့်ဈေး ရောက်ရှိခဲ့တဲ့ ပြည်တွင်းက ပြင်ပ ရွှေ၊ ငွေဈေးတွေဟာ ဩဂုတ် ၁၆ ရက်နေ့ကစလို့ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာပေမယ့် အထွေထွေ ကုန်စည်ဈေးနှုန်းတွေကတော့ ပြန်လည် ကျဆင်းလာခြင်း မရှိသေးတဲ့အပြင် အတက်ဘက်ကို ဆက်သွားနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဩဂုတ် ၁၄ ရက်နေ့က အခေါက်ရွှေဈေး ၈၃ သိန်း ဝန်းကျင်အထိ၊ အမေရိကန် တဒေါ်လာ ၇၁၀၀ ကျော်အထိ အတက်ကြမ်းခဲ့စဉ်က အထွေထွေ ကုန်စည်ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အခေါက်ရွှေဈေး ၇၃ သိန်း ဝန်းကျင်အထိ၊ အမေရိကန် တဒေါ်လာ ၅၇၀၀ ကျော်အထိ ပြန်လည်ကျဆင်းနေပြီ ဖြစ်ပေမယ့် ကုန်ဈေးနှုန်းတွေကတော့ ကျဆင်းခြင်း မရှိသေးပါဘူး။
“ဒေါ်လာဈေးက ကျသာကျတာ။ ၅၉၀၀ ဖြစ်လိုက်၊ ၅၆၅၀ ဖြစ်လိုက်၊ ၅၇၀၀ ဖြစ်လိုက်ဆိုတော့ အတက်အကျက မငြိမ်ဘူး။ ဈေးငြိမ်တယ်၊ တကယ် ကျသွားတယ်ဆိုရင်တော့ ကုန်ဈေးနှုန်းကလည်း ကျမှာပေါ့။ အခုကတော့ ကျသွားလိုက် ပြန်တက်သွားလိုက်ဆိုတော့ ကုန်ဈေးနှုန်းက ကျမသွားတဲ့အပြင် ပိုပိုပြီး တက်လာတယ်” လို့ စားသောက်ဆိုင် ဖွင့်လှစ်ထားသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ဆန်ဈေးတွေဟာ ဆန်ကြမ်း အမျိုးအစားအလိုက် တပြည်ကို ကျပ် ၄၈၀၀၊ ၅၀၀၀၊ ၅၂၀၀ ဝန်းကျင်၊ ဆင်းသွယ်ဆန်က ၅၈၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်းက တပြည် ၈၀၀၀ ကျပ်၊ ရက် (၉၀) ဆန်က တအိတ်ကို တသိန်းတသောင်း၊ ပုသိမ်ပေါ်ဆန်းမွှေးဆန်က တအိတ်ကို ကျပ် တသိန်းလေးသောင်း၊ ရွှေဘိုပေါ်ဆန်းက တအိတ်ကို ကျပ် တသိန်းကိုးသောင်း ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် စားသုံးဆီတွေလည်း ဈေးထပ်မံ မြင့်တက်လာတာမှာ အခြေခံ လက်ကားရည်ညွှန်းဈေးက တပိဿာ ၆၃၇၅ ကျပ်နဲ့ အရင်တပတ်ထက် ၂၀၅ ကျပ် ထပ်မံမြင့်တက်လာသလို ဆီတန်းစီ ထုတ်ဈေးကတော့ ကျပ် ၇၀၀၀ ဈေး ဖြစ်လာကာ တချို့ရပ်ကွက်တွေမှာ လူတယောက်ကို ခွဲတမ်း ၂၅ ကျပ်သားရပြီး တချို့ရပ်ကွက်တွေမှာတော့ တယောက်ကို ၅၀ ကျပ်သားစီပဲရရှိကာ ထုတ်ပြီး ပြန်ရောင်းတဲ့ဈေးကတော့ ကျပ် တသောင်းခွဲ ဖြစ်လာတယ်လို့ သိရပါတယ်။
“စားဆီ ခွဲတမ်းက အရင်လို ပုံမှန်တောင် မရတော့ဘူး။ အရင်က နေ့တိုင်းရတယ်။ အခု နှစ်ရက်ခြားတခါ ဖြစ်သွားတယ်။ ကော်ဖီမစ် တထုပ်တောင် အရင် ၄၅၀ ကျပ်ကနေ အခု ၅၀၀ ဖြစ်သွားပြီ။ အရင်က တရက်ကို သုံးထုပ်လောက် သောက်တာ။ အခုတော့ တထုပ်ကိုတောင် နှစ်ခါခွဲသောက်နေရတယ်။ လက်ဘက်ရည် တခွက်တောင် ဆိုင်သောက် ၁၃၀၀ ကျပ် ဖြစ်နေပြီ။ ပါဆယ်ဆိုရင် ၂၅၀၀ ၊ ကော်ဖီမစ် ပလိန်း ဆိုင်ထိုင်သောက်ရင် ၈၀၀ ဖြစ်နေပြီ။ အစစအရာရာ အကုန်ဈေးတက်တာ” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။
အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကော်ဖီမစ်၊ နို့မှုန့် အစရှိတာတွေအပြင် ပြည်ပမှ သွင်းရတဲ့ ဆပ်ပြာမှုန့်၊ ခြင်ဆေးခွေ၊ အိမ်သုံးကုန်ပစ္စည်း ဈေးနှုန်းတွေမှာလည်း အတက်ဈေးမှာသာ ရှိနေသေးတယ်လို့ သိရပါတယ်။
“ကြက်ဥ တလုံး ၄၀၀ ၊ ၅၀၀ ကျပ်။ ဘဲဥက ၅၀၀ ဖြစ်နေပြီ။ ကုန်ဈေးနှုန်းက တက်ပြီးရင် ပြန်ကျဖို့ ခဲယဉ်းတယ်။ တနေ့တနေ့ တခုခုဝယ်ဖို့ ချီတုံချတုံနဲ့ ဈေးထပ်တက်မှာကိုပဲ စိုးရိမ်စိတ်ဖြစ်နေရတယ်။ ဈေးဝယ်ရင်လည်း အရင်ကလို ပိုက်ဆံကွက်တိ ထည့်မသွားရဲဘူး။ ပိုက်ဆံအပို အမြဲတမ်း ဆောင်သွားရတယ်” လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။
လက်ရှိမှာ နိုင်ငံခြားငွေကြေးတွေ ဖြစ်တဲ့ အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ဈေးနဲ့ ထိုင်းဘတ်ငွေဈေးမှာလည်း အတက်အကျ မတည်ငြိမ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...