မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှု များနိုင်



စက်တင်ဘာ ၉ – ၂၀၂၄
SS (VOM)

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှု များနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာထားပါတယ်။

ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe) ရဲ့ အနောက် – အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့ (Kyaukpyu) ရဲ့ အနောက်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur) ရဲ့ အရှေ့ – အရှေ့တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ပူရီမြို့ (Puri) ရဲ့ တောင် – အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင် ခန့်၊ ပါရာဒစ်ရှ်မြို့ (Paradip) ရဲ့ တောင် – အနောက်တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ချန်ဘလီမြို့ (Chandbali) ရဲ့ တောင် – အနောက်တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ဒီဂါမြို့ (Digha) ရဲ့ တောင် – အနောက်တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

“ဒီကာလတွေမှာဖြစ်တဲ့ မုန်တိုင်းကတော့ မြန်မာပြည်ဘက်မလာဘူး။ လာတဲ့ အလားအလာ ရာခိုင်နှုန်းအားဖြင့် တော်တော်နည်းပါတယ်။ များသောအားဖြင့် အိန္ဒိယဘက်ကိုပဲ ရွေ့တာများတယ်။ မုန်တိုင်း တိုက်ရိုက် ဝင်ရောက်မယ့်အန္တရာယ်တော့ မရှိဘူးပေါ့။ သို့သော် မုတ်သုံကာလလည်း ဖြစ်နေတော့ မုန်တိုင်းအရှိန်ကြောင့် မုတ်သုံမိုးတွေတော့ ပြန်ပြီး ကောင်းလာနိုင်တယ်” လို့ မိုး/ဇလ ဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

လက်ရှိမှာ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ကာ ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ နေ့လယ်ပိုင်းမှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ပူရီမြို့အနီးမှ ဖြတ်ကျော်နိုင်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားမယ့် အခြေအနေ မရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အဲဒီ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှစတင်ပြီး ၁၂ ရက်နေ့အထိ ကာလအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

“နောက်တချက်က စက်တင်ဘာဆိုရင် မိုးနှောင်းရောက်ပြီ။ ဒီ မိုးနှောင်းကာလ အပိုင်းအခြားထဲမှာတော့ မုတ်သုံဆုတ်သွားဖို့တော့ရှိတယ်။ အဲဒီတော့ မုတ်သုံအဆုတ်မှာလည်း (ဒါ စက်တင်ဘာလကို ပြောတာပေါ့နော်) မုတ်သုံအဆုတ်မှာ ရွာတဲ့မိုးကလည်း သတိပြုရမှာပေါ့။ ဘယ်မြစ်မဆို စိုးရိမ်ရေမှတ် ပြန်ရောက်နိုင်တယ် ဆိုတာလေးတော့ သတိပြုဖို့လိုတယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တဲ့အပြင် လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေး အန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ် သတိပြုဖို့ လိုအပ်သလို မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ကတော့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင် သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဒါအပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊‌ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW