MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို နစကဘက်က လေကြောင်းနဲ့ထပ်တိုက်

စက်တင်ဘာ ၉၊ ၂၀၂၄
Shy V (VOM)
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို နစကဘက်ကနေ လေကြောင်းနဲ့ စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရပ်ကွက် ၁၊ ထွေအုပ်ရုံးမှာ ကျတယ်။ လူထိခိုက်မှုရှိတယ်။ သေဆုံးသူတွေတော့ အတိအကျမသိရဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဒီမနက် ၁၀ နာရီ ၂၅ မိနစ်မှာ တလုံး ၊ ၁၀ နာရီ မှာ တလုံးချသွားတာလို့ ဆိုပါတယ်။
“လားရှိုး ရပ်ကွက် ၁ ဗျူဟာလမ်း အဆုံးက တိုင်းရုံး အဝင် ပေါက်ဘက် တိုင်ရုံးဝင်းထဲ တလုံးကျတယ်လို့ သိရတယ်။ အဲဒီဘက်က အရင် ကတည်းက လူတွေ ဝင်လို မရဘူး။ ပိတ်ထားတာ ကြာလှပြီ။ လူမရှိဘူး။ ထွေအုပ်ရုံးထဲ တလုံးကျတယ်။” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နစက သတင်းမှန်ပြန်ကြားရေးဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ထွေအုပ်ရုံးဘက်မှာတော့ လေယာဉ် ဗုံးကြောင့် လူတယောက်သေဆုံးပြီး ခုနှစ်ယောက် ထိခိုက် ဒဏ်ရာရတယ်လို့ တော့ကြားရတယ်လို့ ဆိုပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် အစောပိုင်းကလည်း လားရှိုးကြီး ရပ်ကွက် ၁၂ မိုးလုံ လေလုံ အားကစားကွင်းနဲ့ ရေပူစမ်းသွားတဲ့ လမ်းဘက်က Sliver Sky Hotel မှာ လေကြောင်းဗုံးကျဲ ခံရပြီး အဆောက်အဦးတွေနဲ့ သူခိုးတွေဆီက ပြန်မိထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ကား တချို့ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းကလည်း လားရှိုး ရပ်ကွက် ၉ ဘက်လေကြောင်းတိုက်ခိုက်ခံရလို့ အ.လ.က ၈ ကျောင်းနဲ့ အဲဒီ ကျောင်း အနီးနားက နေအိမ်တွေ ထိခိုက် ပျက်စီးသွားခဲ့ ပါသေးတယ်။
အရှေ့မြောက်ပိုင်းတိုင် စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးကို ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ် လိုက်တာ ဖြစ်ပါတယ်။
Photo: ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW