တပ်ကုန်းမှာ ကယ်ဆယ်ရေးသမားနဲ့ ဒေသခံ အယောက် ၇၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

စက်တင်ဘာ ၁၈ – ၂၀၂၄
SS (VOM)
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားရွာမှာ မနေ့ စက်တင်ဘာ ၁၇ ရက်၊ ည ၈ နာရီဝန်းကျင်က ကယ်ဆယ်ရေးသမားနဲ့ ဒေသခံ အယောက် ၇၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
အလှူရှင်တွေလှူဒါန်းထားတဲ့ အစားအစာတွေကနေ အစာအဆိပ်သင့်တာဖြစ်ပြီး လူဦးရေ ၇၅ ယောက်ခန့် မူးဝေ၊ အော့အန်၊ ဝမ်းလျှောတာတွေ ဖြစ်လာတဲ့အတွက် တပ်ကုန်း ကုတင် (၁၀၀) ဆေးရုံကို အရင်ပို့ဆောင်ပြီး အဲဒီကနေမှ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကို လူနာခွဲပြီး ပို့ဆောင်ထားတယ်လို့ ပုဗ္ဗသီရိမြို့နယ်က လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဆေးရုံကို အကုန်လုံး အချိန်မီ ရောက်သွားနိုင်တယ်လေ။ မူးဝေ၊ အော့အန်ပြီး အကုန်လုံး ခေါင်းမထူနိုင် ဖြစ်ကုန်ကြတာ။ ဘယ်လိုကြောင့်ဖြစ်လဲဆို လှူဒါန်းလာတဲ့ အစားအစာတွေထဲမှာလည်း ဓာတ်မတည့်တာတွေ ပါမလာဘူး။ တချို့ကျတော့လည်း ခေါက်ဆွဲကြော်၊ ထမင်း၊ တချို့ကျတော့လည်း ဒံပေါက်ပေါ့။ အစားအစာကလည်း မျိုးစုံဆိုတော့ အဲဒီထဲကနေမှ ယူစားကြတော့ ဘယ်လိုဖြစ်သွားကြတယ်တော့ မသိဘူး။ ထမင်းဖြူဆိုရင် ကြက်သားဟင်း၊ ကြက်ဥကြော်နဲ့ လာကြတယ်။ ခေါက်ဆွဲကြော်ဆိုလည်း ကြက်သားတို့ ဝက်သားတို့နဲ့ လာပို့ကြတယ်” လို့ သူက ပြောပါတယ်။
လှူဒါန်းကြတဲ့ အစားအစာတွေကလည်း လတ်ဆတ်ပြီး တချို့ ထမင်း၊ ဟင်းတွေဆို ပူပူနွေးနွေးသာ ရှိနေသေးသလို ကယ်ဆယ်ရေးစခန်းတွေက တာဝန်ရှိသူတွေအနေနဲ့ကလည်း အစားအစာတွေကို စစ်ဆေးပြီးမှသာ ကျွေးကြတာဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဘယ်အစားအစာကနေ အဆိပ်သင့်တယ်ဆိုတာကို အဖြေရှာနေတုန်းသာ ရှိနေသေးပြီး ရေသန့်မသောက်ဘဲ ရိုးရိုးရေကိုသာ သောက်တဲ့သူတွေလည်း ရှိနေတာကြောင့် အဖြေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
“တချို့ကျတော့လည်း ရေသန့်မသောက်ဘဲနဲ့ ရိုးရိုးရေအိုးထဲက ခပ်သောက်တာရှိတယ်။ ရေတွင်းတွေက အခုမှ ပြန်တူးကာစရှိသေးတော့ အဲဒီထဲကရေတွေများ သောက်မိသလားပေါ့။ အဖြေကတော့ တွေးစရာတွေတော့ အများကြီးပါ။ ရေကြီးရေလျှံလိုက်တော့ ကန်တွေ၊ တွင်းတွေအကုန်လုံးက နုံးတွေနဲ့ ပိတ်ဆို့ကုန်တာဆိုတော့လေ။ အဲဒါတွေကို အခုမှ ပြန်ဖော်ထုတ်နေတာဆိုတော့ ရေက မသန့်သေးဘူး။ အဲဒါကို သောက်မိသွားသလားပေါ့။ အဖြေကတော့ ဘာမှန်းမသိသေးဘူး” လို့ သူက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရာဂီ (Yagi) ရဲ့ အရှိန်ကြောင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း) ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် စက်တင်ဘာ ၁၀ ရက်ကစလို့ အဲဒီဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
မိုးကြီးတာကြောင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ ဆင်သေချောင်းနဲ့ ငလိုက်ချောင်း အပါအဝင် ပေါင်းလောင်းမြစ်အတွင်းကို တောင်ကျချောင်းရေတွေ ဝင်ရောက်ပြီး မြို့နယ် ရှစ်မြို့နယ်ရှိတဲ့အထဲက တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တွေကို ရေလွှမ်းခဲ့တာဖြစ်ကာ လက်ရှိမှာတော့ ရေပြန်ကျသွားပြီဖြစ်တာကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW