ZY(VOM)
အောက်တိုဘာ ၉၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်ရဲ့ နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ ဖယ်ခုံနဲ့ မိုးဗြဲဒေသမှာ စပါးစိုက်ခင်းဧက ထောင်ကျော် ပျက်စီးသွားတဲ့အတွက် လာမယ့်နှစ်အတွက် စားနပ်ရိက္ခာ လုံလောက်မှု မရှိမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံဆန်ကုန်သည်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက ဘီလူးချောင်းဆည်ရေ လျှံကျမှုကြောင့် ဆည်အောက်ပိုင်းရှိ ရပ်ကွက်ကျေးရွာတွေနဲ့ စိုက်ခင်း၊ လယ်ခင်းဧရိယာတွေ ရေနစ်မြှုပ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ရေပြန်ကျနေပြီဖြစ်ပေမယ့် စပါးစိုက်ခင်း ဧကထက်ဝက်ကျော်က ပျက်စီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
“ရေမြှုပ်သွားတဲ့ စပါးခင်းကတော့ ဧကအားဖြင့်တော့ ၆ထောင်နီးပါးလောက် ရှိနိုင်တယ်။ ရေပြန်ကျသွားပေမဲ့ ဧက ၃၅၀၀လောက်ကတော့ ပျက်စီးသွားပြီ။ ရေကတော့ တရက်ကို နှစ်လက်မစီလောက် ပြန်ကျနေတယ်။ လာမယ့်နှစ်ကတော့ စားနပ်ရိက္ခာအတွက် အတော်လေးဒုက္ခရောက်မယ့် အခြေအနေရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးကလည်း တော်တော်ခက်ခဲနေတယ်။ ကားလတ်တွေတောင် သွားလို့မရသေးဘူး။ အလှုူရှင်တွေ စက်လှေတွေနဲ့ လာလှူတာရှိပေမယ့် နည်းတယ်”လို့ ဆန်ကုန်သည် ဦးတင်ဖေက VOMကို ပြောပါတယ်။
အဲဒီလို ရေကြီးရေနစ်မြှုပ်မှုကြောင့် ဒေသခံ ၅၀၀၀ကျော်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေ ရသလို စားနပ်ရိက္ခာမလုံလောက်မှုအပြင် ရာသီတုပ်ကွေး၊ ဖျားနာမှုတွေအပြင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါတွေ၊ ဝမ်းရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒီဒေသတွေမှာ နစကတပ်ဖွဲ့နဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပေမယ့် နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေအသေးစိတ်ကို နှစ်ဖက်တပ်ဖွဲ့ တွေက ထုတ်ပြန်အသိပေးတာ မရှိကြောင်းနဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသကို ဝင်ရောက်တဲ့ လမ်းကြောင်းတွေ အားလုံးကို ကုန်ပစ္စည်းအဝင်ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်ကာ ဆန်ဈေးမှာလည်း မြင့်တက်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...