အောက်တိုဘာ ၉ ၊၂၀၂၄
Ms(VOM)
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ လတ်တလော ဝါကျွတ်ကာလ မရောက်ခင် မှာပဲ မနှစ်က ကာလ အလားတူအချိန်ကထက် အိမ်အငှား ဈေးကွက်များပိုသွက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံအရ ဝါကျွတ်ကာလ အိမ်အပြောင်းအရွေ့ ပြုကြသူများတာ အပါအဝင် နယ်မြို့တွေက စစ်ဘေး၊ရေဘေးစတဲ့ အခက်ခဲတွေကြောင့်ရန်ကုန်ကို ရွှေ့ပြောင်းလာသူများလာတဲ့အတွက် အိမ်ငှားလိုသူများနေရာ အိမ်အငှားဈေးနှုန်းများလည် ဆတိုးမြင့်တက်လာနေတယ်လို့ဆိုပါတယ်။
” အခုက အငှားအရမ်းလိုက်နေတာ။ နယ်တွေဘက်ကနေ စစ်ရှောင်တွေ ရန်ကုန်ဘက်ဆင်းလာပြီး အိမ်ငှားတာလည်းများတယ်။ အငှားများတော့ အိမ်က ရှာရတာခက်နေကြတာ။မနှစ်က အဲဒီလောက်မများဘူး။ အိမ်ငှားများတော့ ဈေးကလည်းတက်တယ်။အရင်ဆိုနှစ်သိန်း နဲ့နှစ်သိန်းခွဲလောက်ရတဲ့အိမ်က သုံးသိန်း အထက် က ဈေးအောက်ထစ်ဖြစ်ပြီ အငှားများတော့ ဒီလူမငှားလည်း နောက်လူငှားမှာပဲ ဆိုတာတော့ရှိလာတာပေါ့။ လချုပ်ရယ် လချင်းပေးရယ် သတ်မှတ်ထားတယ်။အစားစားပါပဲ။ တချို့လည်း စပေါ်များများ လခနည်းနည်းပေးပေါ့ ။ အခုကာလကတော့ မိုးပါးလာတာကြောင့် အိမ်ခြံမြေ အရောင်း၊အဝယ် ၊အငှားအကုန်မေးလာကြပြီ ဆိုတော့ အိမ်ခြံမြေလုပ်ငန်းတွေအတွက်ရာသီလိုပြန်ဖြစ်လာပါပြီ”လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူ မမိုးကပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်နဲ့ စက်တင်ဘာလ တွေကစတင်ကာ အိမ်ငှားရမ်းရမှုတွေ ဈေးကွက်ထဲ ဆက်တိုက် ရှိလာနေလို့ ဝါကျွတ်ကာလ မှ အိမ်ပြောင်းရွှေ့မယ့်သူတွေ အိမ်ရှာဖွေငှားရမ်းရာမှာ အခက်ခဲဖြစ်လာတယ်လို့လည်းသိရပါတယ်။
လတ်တလော ငှားရမ်းမှုအများဆုံး မြို့နယ်တွေကတော့ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ ကမာရွတ်၊ ဒဂုံလေးမြို့နယ်နဲ့ ရွှေပေါက်က္ကံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေဖြစ်ပြီး မြို့တွင်း မြို့နယ်တွေ အနေနဲ့ အိမ်ငှားရမ်းခဈေးနှုန်း ပိုမိုမြင့်မားကာ မြို့အစွန်ပိုင်း မြို့နယ်တွေမှာတော့ အိမ်ငှားရမ်းခနှုန်း က မြို့တွင်းနေရာတွေ ထက်တော့သက်သာမှုရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့၂၀၂၃ခု နှစ်အတွင်းက ရန်ကုန်မြို့ရဲ့ အိမ်အငှားဈေးကွက်အခြေအနေဟာ ပုံမှန်အနေအထားရဲ့ အနည်းအငယ်သာ ငှားရမ်းမှုပိုခဲ့တာဖြစ်ပေမယ့် အခု ၂၀၂၄ခုနှစ်ကာလတူမှာတော့ အရင်ထက် သုံးလေးဆ မက အိမ်အငှား ပိုသွက်နေကြောင်းနဲ့အိမ်ခြံမြေဈေးကွက်ရဲ့ အရောင်းအဝယ် ဈေးကွက် မှာ တော့ အိမ်မြေဈေးတွေက တနှစ်ထက် တနှစ် ဈေးကျဆင်းတာမရှိပဲ ပိုမိုဈေးတက်လာတာကြောင့် ပြီးခဲ့တဲ့၂၀၂၃ခုနှစ်ကအတိုင်း ၂၀၂၄ခုနှစ်မှာလည်း အရောင်းအဝယ်ဈေးကွက် အေးနေဆဲဖြစ်ရာ ကြိုက်ရောင်းကြိုက်ဝယ် သမားများသာ အိမ်အရောင်းအဝယ်ရှိနေတာလို့သိရပါတယ်။
ဒါ့အပြင် အိမ်ခြံမြေဆိုင်ရာ အခွန်အခတွေကြောင့်လည်း အိမ်ခြံမြေဈေးကွက် က မနှစ်ကအခြေအနေအတိုင်း လက်ရှိမှာ အရင်က ကြပ်မတ်မှုအားနည်းခဲ့တဲ့ ရောင်းခွန်တွေကိုပါ ကြပ်မတ်လာတာကြောင့် ရောင်းခွန်ဆောင်မှသာ ဝယ်သူအတွက် ဝယ်ခွန်ဆောင်ကာ အမည်ပြောင်းခွင့်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ဆိုပါတယ်။
“ အခုက အိမ်အရောင်းအဝယ် အခွန်ဆောင်ရတဲ့အပိုင်းအခက်ခဲတွေရှိတော့ အရှုပ်အရှင်းတွေဖြစ်မှာ ကြောက်ကြတာလည်း ပါတယ်။ တချို့ အရောင်းအဝယ်တွေမှာကျတော့ ရောင်းတဲ့သူက ရောင်းခွန်မဆောင်ဘဲ ရှောင်သွားတာတွေရှိတော့ ဝယ်သူအတွက် အခက်အခဲဖြစ်ရတယ်ပေါ့။ ရောင်းသူနဲ့ ဝယ်သူကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာသလို ဝယ်သူတွေအနေနဲ့ကလည်း အရင်လို မဝယ်ရဲကြတော့ဘူး။ အဲ့ဒါကြောင့် အရောင်းအဝယ်အေး နေဆဲဖြစ်တာလည်းပါတယ်” လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင် နေသူ မမိုးကဆက်လက်ပြောပါတယ်။
လက်ရှိကာလ အိမ်ခြံမြေပေါက်ဈေးတွေ နဲ့ ပြီးခဲတဲ့နှစ် က ကာလတူ အိမ်ခြံမြေပေါက်ဈေးတွေကို နှိုင်းယှဉ်ပါကလည်း မြို့နယ် အလိုက်ဈေးအမျိုးမျိုးရှိပြီး အရင်နှစ်က ပေ၄၀၊ပေ၆၀ ပတ်လည် မြေကွက်လွတ်တခုရဲ့တန်ဖိုးက သိန်း၈၀၀မှ သိန်း၃၀၀၀ ကျော်အတွင်းပေါက်ဈေးရှိခဲ့ရာကနေ ယခုနှစ်မှာတော့ ငွေကျပ်သိန်း၁၀၀၀ကျော် မှ သိန်း၄၀၀၀ ကျော်အထိ ဈေးနှစ်ဆခန့် ပေါက်ဈေးဖြစ်ပေါ် နေရာ ၊ ယခင်က သိန်း ထောင်ဂဏန်း အိမ်တစ်လုံးရဲ့တန်ဖိုးက သိန်း သောင်းဂဏန်းအထိ ဈေးခေါ်ရောင်းချမှုတွေရှိလာနေတာလို့ သိရပါတယ်။
အိမ်အငှားဈေးကွက်အပိုင်းမှာလည်း ၂၀၂၃ခုနှစ် ဝါကျွတ်ကာလ က တိုက်ခန်းအငှားဈေး တသိန်းကျော်မှ ရှစ်သိန်းကျော် ၊ လုံးချင်းအိမ်အငှားဈေးနှစ်သိန်းမှ ၁၀သိန်း ကျော် ဈေးရှိရာကနေ ယခု၂၀၂၄ခုနှစ်ဝါကျွတ်ကာလ အနီးမှာ တိုက်ခန်းအငှားဈေး သုံးသိန်းကျော်မှ ၁၀သိန်းကျော်အထိ ဈေးတက်လာကာ လုံးချင်းအိမ်အငှားဈေးများလည်း သုံးသိန်းမှ သိန်း၂၀ကျော် အထိဈေးကွက်ဖြစ်ပေါ်နေကာ ယခင်ထက်ဈေး၃ဆခန့်မြင့်တက်လာတယ်လို့ အိမ်ခြံမြေဈေးကွက်ကနေသိရှိရပါတယ်။
Photo:CJ
Related posts
-
မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး
နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁... -
အစ္စရေးဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမတ်စ်တပ်မှူးတို့ကို ICC ဖမ်း၀ရမ်းထုတ်ပြီ
သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့... -
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ...