ဝါရှင်တန်၊ အောက်တိုဘာ-၂၄-၂၀၂၄
မျိုးဆက်(VOM)
၁၉၆၀ ခုနှစ်များက အောင်မြင်ခဲ့တဲ့ တာဇံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် ရွန်အီလီဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ကမ္ဘာကြီးဟာ သူသိဖူးသမျှထဲမှာ အကြီးကျယ်ဆုံးသော အမျိုးသားတယောက်ကို ဆုံးရှုံးလိုက်ရသလို မိမိလည်း ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီလို့ ရွန်အီလီရဲ့ သမီးဖြစ်သူ ခရစ်စတန်ကာဆေးအီလီက သူ့ရဲ့ အင်စတာဂရမ်က နေ ထုတ်ပြန်ပါတယ်။
၁၉၆၆ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်ထိ အင်န်ဘီစီရုပ်သံကနေ တာဇံဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်ပြသခဲ့ပြီး သူ့ရဲ့ စတန့်ပြကွက်နဲ့ သရုပ်ဆောင်မှုတွေအတွင်း အရိုးတွေအများအပြား ကျိုးခဲ့သလို တိရိစာ္ဆန်တွေရဲ့ တိုက်ခိုက်မှုတွေလည်း ခံခဲ့ရပါတယ်။
၁၉၈၀ ခုနှစ်မှာတော့ အီလီဟာ အပျော်စီးသင်္ဘောကို အခြေခံရိုက်တဲ့ ဟာသရုပ်ရှင် The Love Boat မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အခြားနာမည်ကြီး တီဗီအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။
သူဟာ ၂၀၀၁ ခုနှစ်မှာ သရုပ်ဆောင်လောကကနေ အနားယူခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ် ဝတ္ထုနှစ်ပုဒ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Expecting Amish ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
သူဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာဘာဘရာရှိ နေအိမ်မှာ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့တာလို့ သမီးဖြစ်သူက ဆိုပါတယ်။ ဖခင်ဖြစ်သူဟာ သရုပ်ဆောင်၊ စာရေးဆရာ ၊ နည်းပြနဲ့ မိသားစုအတွက် ခေါင်းဆောင်တယောက်ဖြစ်တယ်လို့ သမီးဖြစ်သူက ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images
တာဇံမင်းသားကြီး ရွန်အီလီ ကွယ်လွန်
