အောက်တိုဘာ ၃၀ – ၂၀၂၄
SS (VOM)
ကမ္ဘာမှာ သတင်းသမားတွေအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ငါးနိုင်ငံစာရင်းမှာ မြန်မာပါဝင်နေတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
အဲဒီစစ်တမ်းမှာ သတင်းသမားတွေအတွက် ကမ္ဘာတဝန်းမှာ လုံခြုံမှုမရှိတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံရှိတယ်လို့ ဖော်ပြထားပြီး အဲဒီနိုင်ငံတွေထဲမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရီထရီးယား၊ မြန်မာနဲ့ အီရန်နိုင်ငံတို့က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ အယ်ဒီတာဟောင်းတယောက်က “ပြီးခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်၊ ရှေ့ပိုင်းကာလတုန်းကတော့ ငါက ဂျာနယ်လစ်ဇင်သတင်းထောက် ဆိုပြီးတော့ ပေါ်ပေါ်ထင်ထင်ပြောပြီးတော့ အလုပ် လုပ်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ သတင်းသမားတွေက ကိုယ့်နာမည် ထည့်သုံးဖို့တောင် အဆင်မပြေတာတွေ ရှိလာတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းရဲ့ သတင်းလွတ်လပ်ခွင့်ရော၊ စီးဆင်းခွင့်ရော၊ သတင်းရယူခွင့်ရော၊ သတင်း ထုတ်ပြန်ခွင့်ရောပေါ့၊ အဲဒါတွေအကုန်လုံးကတော့ ဒီ လေးနှစ်အတွင်းမှာ တော်တော်ကြီးနိမ့်ကျသွားတာကို တွေ့ရတယ်” လို့ ပြောပါတယ်။
ဒါအပြင် RSF ရဲ့ အညွှန်းကိန်းဖော်ပြချက်ထဲမှာ ကမ္ဘာမှာ သတင်းမီဒီယာလွတ်လပ်ခွင့် ၄၀ ရာခိုင်နှုန်းမှ သုည ရာခိုင်နှုန်းအထိ အနည်းဆုံးရှိနေတဲ့ ၃၆ နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့လည်း သူက “သတင်းသမားတွေရဲ့ လုံခြုံမှုကျတော့လည်း ကိုယ်က သတင်းထောက်ပါရယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး သွားလာလုပ်ကိုင်ရဲတဲ့ အခြေအနေမျိုးက တော်တော်ရှားတဲ့ အခြေအနေပေါ့။ celebrity တွေကို ရုပ်/သံရိုက်တဲ့ အဖွတလိုင်းတွေလောက်ပဲ မိုက်ကြီးတကားကားနဲ့ သွားတာမျိုးရှိတယ်။ ကျွန်တော်တို့ကတော့ သိုသိုသိပ်သိပ်လေးနဲ့ သွားကြ၊ လာကြရတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တခုကို လုပ်နေရသလိုမျိုး ခံစားနေရတဲ့ အခြေအနေပေါ့။ သတင်းစီးဆင်းမှုနဲ့ သတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့်ပိုင်း တော်တော်နိမ့်ကျသွားသလို သတင်းထောက်တွေရဲ့ လုံခြုံမှုပိုင်းကလည်း ဘာမှကို ရှိမနေတာပါ” လို့ သုံးသပ် ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ သတင်းသမားတွေအတွက် လုံခြုံမှု အလွန်တရာ ကင်းမဲ့နေပြီး အသက်အန္တရာယ်အထိပါ စိုးရိမ်နေကြရတယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက တညီတညွတ်တည်း ပြောဆိုကြပါတယ်။
ပြည်တွင်းက သတင်းသမားတွေဟာ လုံခြုံရေးပိုင်း၊ သတင်းရယူမှုပိုင်းမှာ ကန့်သတ်ခံထားရတာတွေလည်း ရှိနေသလို နစကအပြင် ပဋိပက္ခဖြစ်ပွားရာ နေရာတွေက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကိုပါ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အခုလို ဖမ်းဆီးခံနေရတာတွေနဲ့ ပတ်သက်လို့ လတ်တလော အနီးစပ်ဆုံး ဖြစ်စဉ်တခုကတော့ ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ ဖမ်းဆီးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာတဲ့ Red News Agency သတင်းဌာနမှ ကိုတာလင်းမောင်နဲ့ ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ရဲ့ ဖြစ်စဉ်ပဲဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ၂၈ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“မီဒီယာလွတ်လပ်ခွင့်က လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်နေတာနဲ့အတူ ကျဆင်းနေဦးမယ်လို့မြင်တယ်။ ပဋိပက္ခတွေ ပိုအရှိန်မြင့်လာလေလေ သတင်းသမားတွေလည်း အသက်အန္တရာယ် ပိုကျရောက်နိုင်တာ သတိထားရမယ့် အချက်တချက်ဖြစ်ပါတယ်။ အခုအချိန်မှာ ရေးတာမကြိုက်ရင် တရားစွဲတာမျိုးထက် အသက်အန္တရာယ်ထိ ကျရောက်နိုင်တဲ့ခေတ်လို့ ပြောရမယ်ထင်တယ်” လို့ သတင်းစာဆရာတယောက်က ပြောပါတယ်။
RSF ရဲ့ အခု ၂၀၂၄ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေအဆင့် သတ်မှတ်ရာမှာလည်း မြန်မာနိုင်ငံက အဆင့် ၁၇၁ နဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံးအဆင့် နိုင်ငံတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ အဆင့် ၁၇၃ သတ်မှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်က အဆင့် ၁၄၀ အထိ ရပ်တည်နိုင်ခဲ့ပါတယ်။
“သတင်းသမားတွေကို ၂၀၂၃ ခုနှစ်နဲ့ အခု ၂၀၂၄ ထဲမှာ နစက က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုတင် စီရင်ချက်ချလာတာ အများစု ဖြစ်လာတယ်။ ထောင်ဒဏ် နှစ် ၂၀ ကျတာ ၂၀၂၃ ခုနှစ်နောက်ပိုင်း အများစု ဖြစ်လာနေတာတွေ့ရတယ်။ သတင်းလွတ်လပ်ခွင့်က အခုနောက်ဆုံး RSF အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁၇၁ အဆင့်ရောက်နေပါတယ်။ အရင်တနှစ်က ၁၇၃ ကနေ ၁၇၁ ကို ၂ ဆင့်တက်လာပေမယ့် မြန်မာနိုင်ငံက အခြေအနေတွေက တိုးတက်လာတာမဟုတ်ဘူး။ ကမ္ဘာမှာ ပိုမိုဆိုးရွားတဲ့ နိုင်ငံတွေ၊ အခြေအနေတွေကြောင့် နှစ်ဆင့်ပြောင်းသွားတာသာ ဖြစ်တယ်လို့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
အသံ – Athan အဖွဲ့ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်မှာတော့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အတွင်း သေဆုံးခဲ့တဲ့ သတင်းသမားတွေနဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူအရေအတွက် ၁၁ ယောက်အထိရှိကာ အဲဒီလူတွေဟာ အမျိုးသားတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် RSF ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကနေ လက်ရှိအချိန်အထိ သတင်းသမား ၆၂ ယောက် ဖမ်းဆီး ထောင်ချခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ကလည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး သတင်းသမား ဖမ်းဆီးခံရတဲ့ နိုင်ငံဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နစက ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ သတင်းရေးလို့ အဖမ်းခံရတဲ့ သတင်းထောက်ဆိုတာ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ဖူးပါတယ်။
Photo:Getty Images
Related posts
-
တောင်ကြီးမှာ လက်နက်ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ၂/မှတ်ပုံတင် ကိုင်ဆောင်သူတွေကို စစ်ဆေးမှု တင်းကြပ်နေ
ZY(VOM) နိုဝင်ဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ... -
မူဆယ် ကျယ်ဂေါင် – ဆင်ဖြူ ဂိတ်ကနေ ကုန်စည် သယ်ဆောင်ခွင့် ပိတ်လိုက်လို့ ကုန်ပစ္စည်းတချို့ ပြတ်လပ် စျေးတက်
နိုဝင်ဘာ ၁၁၊ ၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် –... -
ဖိလစ်ပိုင်မှာ တိုင်ဖွန်းကြောင့် ကျေးရွာ ၂၅၀၀ ကျော်က ဒေသခံတွေကို ဘေးလွတ်ရာပြောင်းဖို့ အမိန့်ထုတ်
မနီလာ၊ နိုဝင်ဘာ-၁၁-၂၀၂၄ မျိုးဆက်(VOM) အင်အားပြင်း မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့တဲ့ ဖိလစ်ပိုင်နို်ငငံမှာ တလတာကာလအတွင်း...