တောင်ကယ်ရိုလိုင်းနားမှာ သုတေသနစမ်းသပ်ခန်းကနေ မျောက် ၄၃ ကောင် ထွက်ပြေးလွတ်မြောက်



ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄
ရတီ (VOM)

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားရှိ ဆေးဘက်ဆိုင်ရာ သုတေသနစမ်းသပ်ခန်းတခုကနေ မျောက် ၄၃ ကောင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်နယ်တာဝန်ရှိသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီက ပြောပါတယ်။

ဓါတ်ခွဲခန်း ဝန်ထမ်းတယောက်ဟာ မျောက်တွေထားတဲ့အဆောင်ရဲ့ တံခါးကို သေချာမပိတ်ရာကနေ မျောက်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီး မျောက်တွေဟာ ခုနှစ်ပေါင် အလေးချိန်ရှိတဲ့ မျောက်မတွေဖြစ်တယ်လို့ Alpha Genesis ကုမ္ပဏီက ပြောပါတယ်။

မျောက်တွေဟာ အရွယ်ငယ်လွန်သေးတာကြောင့် ရောဂါကူးစက်စေပြီး စမ်းသပ်မှုတွေ မပြုလုပ်ရသေးတာကြောင့် Yemassee မြို့ ဒေသခံတွေအတွက် ဘေးအန္တရာယ်မဖြစ်စေကြောင်း၊ ဒါပေမယ့်လည်း အနားကို အကပ်မခံကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ကုမ္ပဏီအနေနဲ့ ပျောက်ဆုံးနေတဲ့ မျောက်အုပ်စုကို ရှာဖွေတွေ့ရှိထားတယ်လို့ အကြောင်းကြားလာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လွတ်မြောက်သွားမှုဟာ စိတ်ပျက်စရာဖြစ်ပေမယ့် သူတို့တွေ့ရှိထားပြီး နောက်နှစ်ရက်လောက်အကြာမှာ ဖမ်းနိုင်မယ်လို့ မျှော်လင့်ကြောင်း Alpha Genesis စီအီးအို ဂရက်ဝက်စ်တာဂါ့က ဆိုပါတယ်။

တောင်ကယ်ရိုလိုင်းနားအခြေစိုက် The Post and Courier သတင်းစာရဲ့အဆိုအရ အဲဒီ သုတေသနဓါတ်ခွဲခန်းကနေ အခုလိုမျိုး မျောက်တွေထွက်ပြေးလွတ်မြောက်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။

၂၀၁၆ ခုနှစ်မှာ ဓါတ်ခွဲခန်းကနေ မျောက် ၁၉ ကောင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ခြောက်နာရီခန့်အကြာမှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကလည်း မျောက် ၂၆ ကောင် လွတ်မြောက်ခဲ့ဖူးတယ်လို့ အဲဒီသတင်းစာက ရေးသားဖော်ပြထားပါတယ်။

Ref:BBC
Photo: Beaufort County Sheriff’s Office

Related posts

VOM News

FREE
VIEW