ထရန့် သမ္မတမဖြစ်ခင် ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အမြန်ပေးဖို့ ဘိုင်ဒင်အစိုးရ စီစဉ်နေ



ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် တာဝန်မယူခင်မှာ ယူကရိန်းအတွက် လက်ကျန် စစ်ရေးအကူအညီတွေကို အရှိန်မြှင့်ပေးအပ်ဖို့ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက စီစဉ်နေကြောင်း အမည်ဖော်လိုတဲ့ အစိုးရအရာရှိတွေကို ကိုးကားပြီး Politico သတင်းဌာနက ဖော်ပြထားပါတယ်။

ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ယူကရိန်းလုံခြုံရေး အကူအညီပေးမယ့် အစီအစဉ်ရဲ့ နောက်ဆုံးလက်ကျန် ဒေါ်လာ ခြောက်ဘီလီယံကျော်ကို အမြန်ပေးအပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကူအညီတွေကိုတော့ ကွန်ဂရက်က အတည်ပြုထားပြီး ဖြစ်ပါတယ်။

ဒါဟာ သမ္မတဖြစ်လာမယ့် ထရန့်လက်ထက်မှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေ ဆက်ပေးမှာလားဆိုတဲ့ ဘိုင်ဒင်အစိုးရရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ထင်ဟပ်စေပါတယ်။ ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေကို ဒေါ်နယ်ထရန့်က ပြစ်တင်ခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒေါ်နယ်ထရန့်နဲ့ ဖုန်းပြောခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရလဒ်အပေါ် ဂုဏ်ပြုခဲ့ကြောင်း၊ အနီးကပ်တွေ့ဆုံဆွေးနွေးမှုတွေကို နှစ်ဖက်အကြား ဆက်လက်ထိန်းသိမ်းထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တင်မယ်လို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးကို အင်အားသုံးရယူမယ်ဆိုတာ အမေရိကန်သမ္မတသစ်နဲ့ အမေရိကန်ရဲ့ မူဝါဒဖြစ်ခဲ့မယ်ဆိုရင် တကမ္ဘာလုံးက ဒီအကျိုးကျေးဇူးကို သံသယဖြစ်ဖွယ်မရှိ ခံစားရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုပါတယ်။

Ref:NHK
Photo:CNN

Related posts

VOM News

FREE
VIEW