ဇန်နဝါရီ ၉ – ၂၀၂၅
SN (VOM)
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လူအယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက်၊ သေဆုံးမှုအပြင် ကျောက်နီမော်ကျေးရွာရဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရပ်ကွက်နဲ့ ဈေးအနီးဝန်းကျင်တွေက လူနေအိမ် ၅၀၀ ဝန်းကျင်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာ ရတဲ့သူတွေထဲမှာလည်း အနီရောင်အဆင့်တွေ ပါတယ်။ ဒီမှာက ဆေးဝါး လိုအပ်ချက်လည်းရှိနေတယ်လေ။ ဆေးရုံ၊ ဆေးခန်းမှာကအစ လိုအပ်ချက်တွေ အများကြီးရှိနေတာ။ အဲဒီတော့ အချိန်မီ ဆေးကုသနိုင်ဖို့ကလည်း အတော်လေး အဆင်မပြေ ဖြစ်နေတယ်” လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေ အပါအဝင် ဒေသခံတွေကို ဘေးလွတ်နိုင်မယ်လို့ ယူဆရတဲ့ နေရာတွေကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
ရမ်းဗြဲမြို့ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ သိမ်းပိုက်ထားခြင်းဖြစ်ပြီး လက်ရှိ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ AA ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို နစကဘက်ကလည်း တရားဝင် ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့သလို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့ကာ ကိုးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ခဲ့တဲ့ ရခိုင်ပြည်တိုက်ပွဲအတွင်း AA က မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောနဲ့ အမ်း စတဲ့ မြို့ ၁၃ မြို့အပြင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ရုရှားနဲ့ အီရန်တို့ နှစ် ၂၀ မိတ်ဖက်စာချုပ်လက်မှတ်ထိုးပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနိုင်
မော်စကို၊ ဇန်ဝါရီ-၁၈-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ... -
မြိတ်မှာ နေအိမ်သုံးလုံးမီးလောင်ပြီး လူတယောက်ပါမီးလောင်သေဆုံး
ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်... -
ရန်ကုန်မှာ စစ်ရှောင်နဲ့ နယ်ပြောင်းလာသူတွေကို ဧည့်စာရင်းစစ်ဆေးမှု တင်းကြပ်နေ
ဇန်နဝါရီ ၁၈ – ၂ဝ၂၅ KKO(VOM) ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကို စတင်တင်းကြပ်နေပြီး နယ်ကပြောင်းလာသူတွေနဲ့စစ်ဘေးရှောင်လာသူတွေကို...