တောင်ကြီးတန်ဆောင်တိုင်ပွဲကာလမှာ ဖမ်းထားတဲ့ ဆိုင်ကယ်အချို့ ဒီကနေ့အချိန်ထိ ပြန်မထုတ်ပေးသေး

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင် ပွဲကာလအတွင်းက ဖမ်းဆီးထားတဲ့ ဆိုင်ကယ်အစီးရေ ရာချီအနက် ဆိုင်ကယ်အချို့ကို ဒီကနေ့ ဖေဖော်ဝါရီလ၊ တတိယပါတ်အတွင်း ပြန်မထုတ်ပေးဘူးလို့ ဆိုင်ကယ်ဖမ်းဆီးခံရသူတွေထံကနေ သိရပါတယ်။
တန်ဆောင်တိုင်ပွဲကာလအတွင်း ပွဲဧရိယာအတွင်းကို လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက အသိပေးထားသလို ဆိုင်ကယ်အစီးရေ ရာချီဖမ်းဆီးခံခဲ့ရပြီး မြို့တွင်းလမ်းမတွေမှာပါ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေအနက် လိုင်စင်မဲ့ဆိုင်ကယ်တွေပါဝင်နေသလို လိုင်စင်ပါရှိပေမယ့် ဆိုင်ကယ်ဘက်မှန် မပါတာ၊ စည်းကမ်းမဲ့ရပ်တာ၊ ပါဝါအိတ်ဇောတွေတပ်ဆင်မောင်းနှင်တဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်က လိုင်စင်ပါတယ်၊ ပါဝါအိတ်ဇောတပ်မောင်းလို့ဆိုပြီး အရှေ့မြို့ပါတ်လမ်းမှာ ဖမ်းခံရတာ။ အဲဒီကတည်းက တောက်လျှောက်သွားထုတ်တာ။ အကြောင်းအမျိုးမျိုးပြပြီး မထုတ်ပေးသေးဘူး။ တခြား ထုတ်လို့မရသေးတဲ့ ဆိုင်ကယ်တွေလည်း အများကြီးပဲ။ တချို့ကလည်း ပိုက်ဆံနဲ့ ညှိပြီးထုတ်လာကြတယ်”လို့ ဆိုင်ကယ်ဖမ်းဆီးခံထားရသူတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးမြို့မှာ အမှတ်(၁၈)ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းတောင်)က ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်မပါတဲ့ဆိုင်ကယ်တွေ၊ ပါဝါအိတ်ဇောနဲ့ အသံဆူညံစေတဲ့ အိတ်ဇောတွေ တပ်ဆင်မောင်းနှင်နေတဲ့ ဆိုင်ကယ်အစီးရေ ၂၀၀ကျော်ဖမ်းဆီးထားတယ်လို့ ယာဉ်ထိန်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။
“ပါဝါအိတ်ဇောတပ်မောင်းတဲ့ ကလပ်ဘီးတွေ၊ အိတ်ဇောအပေါက်နဲ့ ဆူဆူညံညံမောင်းတဲ့ ဆိုင်ကယ်တွေ၊ လိုင်စင်သက်တမ်းလွန်ထားတဲ့ ဆိုင်ကယ်တချို့တော့ ဖမ်းထားတာ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ လိုအပ်တာ ဆောင်ရွက်ပြီး ပြန်ထုတ်ပေးသွားမှာပါ”လို့ ယာဉ်ထိန်းသတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
လက်ရှိအချိန်မှာလည်း တောင်ကြီးမြို့တွင်းမှာ ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်မပါတဲ့ဆိုင်ကယ်တွေ၊ ပါဝါအိတ်ဇောနဲ့ အသံဆူညံစေတဲ့ အိတ်ဇောတွေ တပ်ဆင်မောင်းနှင်နေတဲ့ ဆိုင်ကယ်တွေ၊ စည်းကမ်းမဲ့ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ (ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW