ခါတွမ်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅
ရတီ(VOM)
ဆူဒန်နိုင်ငံ အွမ်ဒါမန်မြို့ လူနေရပ်ကွက်တခုပေါ်ကို ဆူဒန်စစ်လေယာဉ်တစင်း ပျက်ကျမှုကြောင့် လူ ၄၆ ယောက်သေဆုံးပြီး ၁၀ ယောက်ဒဏ်ရာရရှိဲခဲ့တယ်လို့ ဆူဒန်နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
အန်တိုနော့ဗ် အမျိုးအစား အဲဒီလေယာဉ်ဟာ ဝါဒီဆိုက်နာလေတပ်စခန်းမှ ပျံတက်ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပြီး စစ်ဘက်အရာရှိတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။
ဒါဟာနည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ စစ်ဘက်တာဝန်ရှိသူတယောက် ပြောပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ထိပ်တန်းတပ်မှူးတယောက်လည်းပါဝင်တယ်လို့ ဆိုပါတယ်။ တောင်ဒါဖာဒေသမှ စစ်တပ်လေယာဉ်တစင်းကို ပစ်ချခဲ့တယ်လို့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က အခိုင်အမာပြောဆိုပြီးနောက် တရက်အကြာမှာ လေယာဉ်ပျက်ကျမှု ထပ်မံဖြစ်ပွားခဲ့တာပါ။
စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြား အာဏာလွန်ဆွဲမှုမှ စတင်ခဲ့တဲ့ ပြည်တွင်စစ်ကြောင့် ခါတွမ်နဲ့ အွမ်ဒါမန် အပါအဝင် ဆူဒန်နိုင်ငံနေရာအနှံ့အပြားမှာတော့ လက်နက်ကိုင်းပဋိပက္ခတွေ တိုးပွားနေပြီး လူထောင်ပေါင်းများစွာ သေဆုံးပြီး ၁၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းကို ဆူဒန်စစ်တပ်က ထိန်းချုပ်ထားပြီး အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကတော့ အနောက်ဘက်နဲ့ တောင်ပိုင်းဒေသတွေကို ထိန်းချုပ်ထားပါတယ်။ မကြာသေးမီးသီတင်းပတ်များအတွင်း ဆူဒန်စစ်တပ်သည် ခါတွမ်အနီးဝန်းကျင်ရှိဒေသတွေကို ပြည်သူ့စစ်တွေလက်ကနေ ပြန်လည်သိမ်းပို်ကခဲ့ပါတယ်။
Ref:BBC
Photo: Reuters