ဖေဖော်ဝါရီ ၂၇- ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သပိတ်ကျင်းမြို့နယ် ၇ မိုင်နဲ့ တွင်းငယ်ရွာအနီးက တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) တို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နစကတပ်အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“နစကဘက်က သူတို့ ပေးလိုက်ရတဲ့ စခန်းတွေ ပြန်ရဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုကို ဖြစ်နေတာ။ ခုနောက်ပိုင်း တိုက်ပွဲဖြစ်တာ ပိုစိပ်လာတယ် ပြောရမယ်။ တတက ၁၃ တဝိုက်ဆီကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်။ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်ကလည်း သပိတ်ကျင်းနယ်ထဲက လက်ကျန်စစ်ခန်းတွေကို သိမ်းယူနိုင်ဖို့ တန်ပြန် ထိုးစစ်ဆင်နေတာ။ နစကဘက်ကတော့ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သပိတ်ကျင်းမြို့နဲ့ တွင်းငယ်ကျေးရွာ အပါအဝင် သပိတ်ကျင်းနယ်က မြို့၊ ရွာနဲ့ စစ်စခန်းတချို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းကတည်းက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့် တွင်းငယ်ရွာအနီးက တကက ၁၃၊ ၇ မိုင်ရွာအနီးက စခတ (၂) ခေါ် အမှတ် – ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ကျောက်ကြီး (နည်းပညာတပ်) တပ်တွေကို သိမ်းယူဖို့ ကျန်နေသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ လက်ကျန်စစ်ခန်းတွေကို သိမ်းယူနိုင်ဖို့ လက်ရှိမှာ တအာင်းတပ်မတော် – TNLA အပါအဝင် ဒေသတွင်း လက်နက်တပ်တွေက သပိတ်ကျင်းမြို့ကို ဝိုင်းဝန်း ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒေသတွင်း လက်နက်ကိုင်တပ်တွေက မြို့ကို ပတ်ပတ်လည် ပိတ်ဆို့ထားတာ။ ကုန်းလမ်းက အဆင်မပြေတော့ နစက က လေကြောင်းကနေ အင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်။ တွင်းငယ် – မိုးမိတ်ကားလမ်းနဲ့ ၇ မိုင် – မိုးကုတ် ကားလမ်းတွေကိုလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေက အပြည့်အဝ ထိန်းချုပ်ထားတယ်” လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် တွင်းငယ်ကျေးရွာမှ လူဦးရေ ၄၀၀၀ ကျော်နဲ့ သပိတ်ကျင်းဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေကြရပြီး နေရပ်မပြန်နိုင်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
တွင်းငယ်ကျေးရွာဟာ မန္တလေး – မြစ်ကြီးနား လမ်းပေါ်မှာတည်ရှိကာ အိမ်ခြေ တထောင်ကျော်ရှိတဲ့ တိုက်နယ်ရွာကြီး ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစက စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အသိပေး ဖော်ပြချက်မှာတော့ ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေပိုင်းအချိန်က သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းစစ်ကြောင်းနဲ့ TNLA အယောက် ၃၀ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး TNLA ဘက်က ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲဒီဖြစ်စဉ်အတွင်း နစကတပ်ဖွဲ့ဝင် တယောက် ဒဏ်ရာရရှိခဲ့ပြီး TNLA ဘက်မှ လေးယောက် သေဆုံးခဲ့ကာ Type – 81 သေနတ် လေးလက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့က ချောင်းကြီးကျေးရွာအနီးရှိ ရွှေလုပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ် အရှေ့ခြမ်းမှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူထိခိုက် သေဆုံးမှုတွေအပြင် နေအိမ် ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် မတ္တရာနယ်မှာ စစ်ရှောင်အရေအတွက် သောင်းဂဏန်းဝန်းကျင်အထိ မြင့်တက်လာနေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မတ္တရာမြို့နယ်အတွင်း ထိုးစစ် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ မတ္တရာမြို့နယ်က စစ်စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်းတို့ကို သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ သပိတ်ကျင်း၊ မတ္တရာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ