မတ် ၃ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ ဒီကနေ့ မတ် ၃ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ကာ အယောက် ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၁ နာရီကနေ ၂ နာရီဝန်းကျင်အထိ မြိုင်မြို့နယ်ရှိ ဆိတ်ချေး၊ ဂျုတ်ကုန်း၊ ဘောင့်ဘင်၊ ညောင်ကုန်း၊ ဆူးဝင်းနဲ့ တောရွာအနီး လယ်ကွင်းပြင်တို့မှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တဲ့အပြင် ပေါက်မြို့နယ်၊ လက်ပံတိုနဲ့ သရက်ကန်ရွာအနီးမှာလည်း မနက် ၁ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေရာ ရှစ်နေရာမှာ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ် ဖြစ်သွားတာ။ လက်ပံတိုရွာနားမှာ ရေနံမှော်ရှိတယ်။ အဲဒီ နေရာတွေပါ လေကြောင်း တိုက်ခိုက်ခံရဝာာ။ မနက်အစောပိုင်း လူတွေ အိပ်ကောင်းနေတဲ့အချိန် ဆိုတော့ ရှောင်တိမ်းချိန်လည်း မရလိုက်ကြဘူး။ ဘောင့်ဘင်ရွာကတော့ အထိအနာဆုံးပဲ။ လောလောဆယ်တော့ သေဆုံး ၁၂ ယောက် အတည်ပြုလို့ရတယ်။ ဒဏ်ရာရက အယောက် ၂၀ လောက်ရှိမယ်။ တိရစ္ဆာန်တွေလည်း သေတယ်။ နေအိမ်၊ အဆောက်အအုံ ပျက်စီးတာတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနက်မိုးလင်းချိန် ၆ နာရီဝန်းကျင်မှာလည်း နစကရဲ့ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က စက်တပ်လေထီးနဲ့ မြိုင်မြို့နယ်အနောက်ပိုင်း ကျေးရွာတွေကို ကင်းထောက် ပျံသန်းမှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ အခြေအနေတွေကို ထုတ်ပြန် ကြေညာထားပြီး နစကဘက်ကတော့ လက်ရှိအချိန်အထိ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မြိုင်မြို့နယ် (တောင်ပိုင်း)၊ ကျောက်ခွက်ရေနံမြေ ဧရိယာအနီးရှိ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ၁၁ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဆုံကုန်းကျေးရွာနဲ့ ဒီကနေ့ မနက်ပိုင်း လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဟာ ၅ မိုင်လောက်သာ ကွာဝေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မြိုင်မြို့နယ် (အနောက်ခြမ်း) က အောင်ဆန်းတက္ကသိုလ်မှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အောင်ဆန်းတက္ကသိုလ်မှာပဲ ဇန်နဝါရီလ ၃၀ ရက်နေ့က လေကြောင်း တိုက်ခိုက်ခံရမှု ထပ်မံ ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ပေါက်မြို့နယ် (မြောက်ပိုင်း) သရက်ကန်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
