ဧပြီ ၂၆၊ ၂၀၂၅
Shy V (VOM )
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖြစ်တဲ့ ဗန်းမော်မှာ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ မနက် အစောပိုင်းကစ တိုက်ပွဲ တကျော့ ပြန်ပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲနေတာ တဝုန်းဝုန်း ကြားနေရတယ်။ မနေ့က မနက် ၄ နာရီ ခွဲ ဝန်းကျင်ခန့်ကစ တိုက်ပွဲ ပြန် ပြင်းထန်တာလာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က စပခ ၂၁ ကာကင်း တချို့အထိ တိုက်လာတယ်လို့ ကြားသိရတယ်လို့ ဆိုပါတယ်။
“ဗန်းမော်မှာ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်ကလည်း တော်တော် ကျဆုံးသွားတယ်လို့ သိရတယ်။ နစက တပ်ဖွဲ့ဝင်တွေကိုလည်း အတော်များ ဖမ်းဆီး ပြီးတော့ ကိစ္စရှင်း ခံလိုက်ရတယ်ကြားတယ်” လို့ KIA နဲ့ နီးစပ်တဲ့ဒေသခံ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ဘက်က အခန်းအကြီး အသေး ၅ ခု ရှိသေးတယ်လို့ ကြားသိရပြီး ၄၇ ကိုတော့ အပြင်ဘက် နည်းနည်း ပါးပါး ပစ်တာပဲ ရှိတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
နစက နဲ့ နီးစပ်သူတွေကတော့ ယမနေ့ ဧပြီလ ၂၅ ရက်နေ့က ဗန်းမော်မြို့ကို ထိုးစစ်ဆင်လာတဲ့ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေကို နစက တပ်ဖွဲ့က ပြန်လည်ချေမှုန်းခဲ့တာမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က အလောင်း ၄ လောင်းနဲ့ သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့ပြီး နစက တပ်ဖွဲ့ ဘက်က ထိခိုက်မှု မရှိကြောင်း ေပြာပါတယ်။
ယမ နေ့ မနက်ပိုင်း နက်ခင်းပိုင်း ကုက္ကိုလ်တောရပ်ကွက် တနေရာကို နစကဘက်ကလေကြောင်း နဲ့ ဗုံးကြဲတိုက်ခိုက်မှု တကြိမ်ပြုလုပ်ခဲ့ပြီး စကခ ၂၁ နဲ့ ခလရ ၄၇ အနီးဝန်းကျင် နစက ဘက်ကနေ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်နေကာ ကုက္ကိုလ်တော အပါအဝင် သီရိ၊ ဆင်ကုန်း၊ ဟန်းတဲ တွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ကြောင်း PDF တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နစကဘက်က လေကြောင်း အပြင် ဒရုန်းနဲ့လည်း တယောက်ချင်းနီးပါး ဗုံးကြဲ တိုက်ခိုက်နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက စတင်ကာ KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နစက တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
