ငလျင်သင့်ဒေသတွေအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ အချိန်အခါမဟုတ် မိုးကြီးနိုင်

ဧပြီ ၂၆ – ၂၀၂၅
SN (VOM)
အချိန်အခါမဟုတ် မိုးကြီးနိုင်တဲ့အတွက် ငလျင်သင့်ဒေသတွေ ရေကြီးမှုအန္တရာယ် ကြိုတင်ကာကွယ် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
ဧပြီ ၂၈ ရက်နေ့ကနေ မေ ၃ ရက်နေ့အတွင်း အချိန်အခါမဟုတ် ကျရောက်လာမယ့် မိုးသက်လေပြင်း (မိုးတိမ်တောင်) အန္တရာယ်ကြောင့် မြန်မာပြည် နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် ငလျင်သင့် ဒေသတွေက ပြည်သူတွေအနေနဲ့ မိမိနေထိုင်ရာ နေရာကို မိုးဒဏ်၊ လေဒဏ်နဲ့ ရေကြီးမှုအန္တရာယ် ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
“အလယ်ပိုင်းတွေကတော့ နေရာကြဲကြဲလောက် ရွာနိုင်တယ်။ ရွာတဲ့အခါမှာလည်း မိုးသက်လေပြင်းကျပြီး ရွာတာမျိုးလည်း ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ငလျင်ဒဏ်သင့် ဒေသတွေမှာ အမိုးအကာအောက် မရောက်သေးတဲ့သူတွေ၊ အရင် ပြီးခဲ့တဲ့ ဧပြီ၊ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ကာလအတွင်းမှာ မိုးရွာသွန်းတာကလည်း မိုးသက်လေပြင်းကျပြီး ရွာတာဆိုတော့ ယာယီတဲတွေနဲ့ နေရထိုင်ရတဲ့ သူတွေအတွက်တော့ နည်းနည်း အခက်အခဲရှိနိုင်တယ်။ ဆိုတော့ လာမယ့် ဧပြီ ၂၈ ကနေ မေ ၃ ရက်အတွင်းမှာ မိုးရွာသွန်းတာတွေမှာ မိုးသက်လေပြင်းကျတာပါ ယှဉ်တွဲ ဖြစ်နိုင်တဲ့အတွက် အဲဒီရက်တွေမှာ မိုးသက်လေပြင်း ကျရောက်တာကို သတိပြုဖို့၊ ခိုင်ခံ့တဲ့ အမိုးအကာအောက်မှာ ပြောင်းရွှေ့ နေထိုင်ကြဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
ငလျင်အပြီး နောက်ဆက်တွဲအဖြစ် ငလျင်သင့်ဒေသတွေမှာ အနီးကပ်ဆုံး ကြုံရမယ့် ပြဿနာဟာ ဧပြီ ၂၈ ရက်ကနေ မေ ၃ ရက်အထိ၊ ခြောက်ရက်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အချိန်အခါမဟုတ် ကျရောက်လာမယ့် မိုးသက်လေပြင်း (မိုးတိမ်တောင်) အန္တရာယ်ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မြင့်တက်လျက်ရှိတဲ့ အပူချိန်တွေဟာ အားကောင်းတဲ့ မိုးတိမ်တောင်တွေအဖြစ် ပြောင်းလဲလျက်ရှိပြီး အနောက်တောင် လေစီးကြောင်းတွေကြောင့် မြန်မာပြည် နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
“မိုးက ရွာတဲ့အခါမှာ တခါတရံမှာ နည်းနည်း သည်းထန်နိုင်တဲ့ အတိုင်းအတာလည်း ရှိတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ မိုးတိမ်တောင်တွေကနေ ရွာတဲ့မိုးတွေက တခါတရံမှာ မိုးသည်းထန်တာတွေ ရှိတဲ့အတွက် ရေကြီးရေလျံမှု ဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့အခေါက်တွေကလည်း ပြိုလုပြိုဆဲ အဆောက်အအုံတွေ မိုးရွာလို့ ပြိုသွားသလိုပဲ အခုတခါမှာလည်း သတိပြုဖို့၊ သတိထားကြဖို့ လိုတယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
မနေ့ ဧပြီ ၂၅ ရက်၊ ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်အပြင် အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် အဲဒီ ခြောက်ရက်တာ ကာလအတွင်း မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကာလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မိုးရွာမှာကတော့ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းတွေလည်း ပါတာပေါ့နော်။ တပြည်လုံးလိုလို နေရာကြဲကြဲ၊ နေရာစိပ်စိပ် ရွာမယ်ဆိုပြီးတော့ ထုတ်ပြန်ထားတယ်။ မိုးရွာမယ်ဆိုတော့ ဒီကာလရွာမယ့်မိုးက ထစ်ချုန်းမိုးတွေ ဖြစ်တယ်။ ထစ်ချုန်းမိုးဆိုတာ မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာကအစ ဒါမျိုးတွေပါ ယှဉ်တွဲဖြစ်ပေါ်နိုင်တယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင် သတိပြုနိုင်ကြဖို့ မိုး/ဇလက အကြံပြုထားပါတယ်။
သဘာဝပတ်ဝန်းကျင် ပညာရှင်တွေကတော့ ရေကြီးမှုရဲ့ နောက်ဆက်တွဲ ပြဿနာဟာ မြေပြိုခြင်းဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ မြေသားပြောင်းလဲမှုတွေကြောင့် မြေပြိုခြင်းတွေ ဖြစ်နိုင်သလို မိုးရေကြီးခြင်းကြောင့် မြေသားပျော့နေတဲ့ အက်ကွဲကြောင်းတွေကတဆင့် ရေတွေ ဝင်ရောက်လာနိုင်တဲ့ အတွက်လည်း မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
ဓာတ်ပုံ – မိုး/ဇလ

Related posts

Leave a Comment

VOM News

FREE
VIEW