နေ​ပြည်​တော် အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ​ဆောက်လုပ်​ရေး ကုမ္ပဏီတွေ စည်ပင်ကို ဆက်သွယ်ဖို့ထုတ်ပြန်

ဧပြီ ၂၆ – ၂ဝ၂၅
KKO(VOM)
အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ နေပြည်တော်စည်ပင်ကို ဆက်သွယ်ဖို့ထုတ်ပြန်လိုက်ပြီး မည်သည့်အတွက်ကြောင့် ခေါ်ယူသည်ကိုတော့ မသိရှိရသေးပါဘူး။
နေပြည်တော်အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ခဲ့ပြီး ရုံးဌာနအဆောက်အဦး၊ဝန်ထမ်းအိမ်ရာ၊အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦး၊ အခြားအဆောက်အဉီးတွေတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးနေပြည်တော်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)ကို ဆက်သွယ်ကြဖို့ နိုင်ငံပိုင်သတင်းစာတွေကနေ တဆင့်ထုတ်ပြန်ကြေညာလိုက်တာပါ။
အဲဒီထုတ်ပြန်ကြေညာမှုအပေါ် နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့
“အတည်မပြုနိုင်သေးတဲ့သတင်းတွေအရအရေးယူမယ်။အမှုဖွင့်လှစ်မယ်လို့ကြားသိရပါတယ်”လို့ VOM ကို မှတ်ချက်ပေးပါတယ်။
တချို့ကလည်း နေပြည်တော်မှာ ငလျင်ကြောင့်ပျက်စီးခဲ့တာတွေကို ပြန်လည်တည်ဆောက်ပြုပြင်ဖို့ ယခင်ဆောက်လုပ်ရေးကုမ္ပဏီတွေကိုခေါ်ယူတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။
ပြီးခဲ့တဲ့မတ်လက စစ်ကိုင်းနဲ့ မန္တလေးဒေသတဝိုက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးတခုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းက ရပ်ကွက်ကြီး ၉ ခု၊နေပြည်တော်ကောင်စီနဲ့ စည်ပင်အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာတွေမှာ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေအရ နေပြည်တော်မှာ မြေငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ လူနေထိုင်ရန်သင့်တဲ့ အလတ်စား အဆောက်အဦးပျက်စီးမှုက ၄၇၇ လုံး၊ပျက်စီးမှုအသေးစားက ၄၆၉ လုံး၊ စုစုပေါင်း ၉၄၆ လုံးရှိခဲ့ပြီး လူနေထိုင်ဖို့မသင့်တဲ့အဆောက်အဦးပြိုကျပျက်စီးမှုက ၁၁၆ လုံး၊ အဆောက်အဦးပျက်စီးမှုအကြီးစားက ၄၉၄ လုံး၊ စုစုပေါင်း ၆၁ဝ လုံးအထိရှိခဲ့တယ်လို့ သိရပါတယ်။
“ငလျင်က အတော်ပြင်းတာ နေပြည်တော်လည်း ငလျင်ကြောင့်အတော်ထိသွားတယ်။တခါမှ မကြုံဘူးတဲ့ငလျင်ပေါ့။ ငလျင်ကြောင့်နေပြည်တော်တပ်ကုန်းတဝိုက်မှာ အတော်လေးအထိအခိုက်များခဲ့တယ်”လို့ နေပြည်တော်မှာ နေထိုင်တဲ့ ပြည်သူတယောက်က ပြောပါတယ်။
နစက ဘက်ကတော့ အရေးပေါ်ကာလ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မှုအပြီးမှာ ရှေးဦးပြန်လည်ထူထောင်ရေး အနေနဲ့ (EarlyRecovery)ကို ပြုလုပ်နေသလိုအဆောက်အဦးတွေကို ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီကို သီးခြားဖွဲ့စည်းပြီးစစ်ဆေးမှုတွေ အပါအဝင် ဆန်းစစ်ခြင်းတွေကိုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ငလျင်ကြောင့် ပျက်စီးတိမ်းစောင်းမှုတွေဖြစ်ပေါ်ခဲ့တဲ့ ဝန်ထမ်းအိမ်ယာအချို့မှာတော့ ဘာရှာနဲ့ Modular House တွေကိုဆောက်
လုပ်ပေးနေတယ်လို့ သိရပြီး ဝန်ထမ်းအများစု Modular House တွေမှာနေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ငလျင်ဘေးဒဏ်သင့်ဒေသတွေပြန်လည်ထူထောင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှတဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလီယံနဲ့နေပြည်တော်ကောင်စီနယ်မြေအတွက် ၁၀ ဘီလီယံနဲ့ ရှမ်းပြည်နယ်အတွက် ၅ ဘီလီယံကိုလည်း ထပ်မံပေးအပ်ခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ဧပြီလ ၂၅ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနဲ့ ပျောက်ဆုံးသူ ၁၁၀ ဦးအထိရှိနေတယ်လို့လည်း သိရပါတယ်။
အဲဒါအပြင် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့်နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၀)ခုတို့မှာ ထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
Photo – CJ
ပုံစာ – မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ထိခိုက်ပျက်စီးမှုအချို့။

Related posts

Leave a Comment

VOM News

FREE
VIEW