ဧပြီ ၂၆၊ ၂၀၂၅
Shy V (VOM)
မြစ်ကြီးနားမြို့ထဲ ဧပြီလ ၂၅ ရက်ည ၁၁ နာရီခွဲကျော်ခန့်က လက်နက်ကြီး ကျလို့ နှစ်ယောက်သေဆုံး တယောက် ဒဏ်ရာရသွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“မနေ့ည အသံ ကြားပါတယ်လို့ဆို မလိခ ဝန်ထမ်းအိမ်ယာနဲ့က တို့နဲ့နီးနီး လေးပဲကိုး။ သီတာရပ်ကွက်မှာပါ ကျတာ။” လို့ ဒေသခံတယောက်ကပြောပါတယ်။
သီတာရပ်ကွက်၊ မလိခဝန်ထမ်းအိမ်ယာ နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝန်ထမ်းအိမ်ယာကြားမှာ ကျရောက်ပေါက်ကွဲလို့ အမျိုးသား နှစ်ယောက်ေသဆုံးပြီး မိန်းကလေး တယောက် ဒဏ်ရာရတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
“အစတွေတောင် ခေါင်မိုးပေါကျတယ်။ လန့်တာမှအရမ်းပဲ။ ခုနကထိ ပစ်နေတုန်းပဲ။ မနေ့ကနေ ည၊ ညကနေ ဒီမနက်ထိပစ်နေတာ။ အသံကြားနေတာ။ ဘယ်ပြေးရမှန်းမသိ ကြောက်တာဆို။ ခုလည်း အကျယ်ကြီးပဲ တဒိုင်းဒိုင်းပဲ။ မြို့တွင်းပစ်နေတာလားလို့ ထင်ရတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
စစ်တပ်ဘက်က မြစ်ကြီးနားကနေ ဝိုင်းမော်ဘက်ခြမ်း ဝါရှောင်၊ ရွှေညောင်ပင်၊ စန်းကား တွေဘက်တညလုံး လှမ်းပစ်နေတာလို့ ဆိုပါတယ်။
KIA နဲ့ နီးစပ်သူတွေက ဧပြီ ၂၅ ရက်နေ့ည ၁၁ နာရီခွဲ ခန့်က မပခ ကနေ ရမ်းသမ်း ပစ်ခတ်လိုက်တယ်လို့ ခန့်မှန်းရတဲ့ လက်နက်ကြီးကျည် ၂ လုံး မြစ်ကြီးနားမြို့ ဝန်ထမ်း အိမ်ယာအနီး ကျရောက်ပေါက်ကွဲလို့ သေဆုံးသူ ရှိသလို လူထိခိုက်ဒဏ်ရာသူ ရှိတယ်လို့ ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ KIA နဲ့ PDF ပူးပေါင်း အဖွဲ့ဟာ ဧပြီလ ၂၅ ရက်နေ့ည ၁၁ နာရီခန့်မှာ မြစ်ကြီးနားမြို့ရှိ လူနေရပ်ကွက်ဘက် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လို့ အတွက် ကလေးတဦး သေဆုံးကြောင်း ပြောပါတယ်။
ဒေသခံတွေ အနေနဲ့တော့ ဘယ်ဘက်က ပစ်တဲ့ ကျည်ဆိုတာ မသိရပေမယ့် လက်နက်ကြီး ပစ်ခတ်သံတွေကတော့ ဧပြီလ ၂၄ ရက်နေ့ကတည်းက ခပ်စိပ်စိပ် ကြားနေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဝိုင်းမော် အနီးဝန်းကျင်ဘက်တွေမှာ နှစ်ဖက် စစ်ရေး တင်းမာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ