ဧပြီ ၂၊၈၊ ၂၀၂၅
Shy V VOM
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့အနီး ဒီနေ့ ဧပြီလ ၂၇ ကက်နေ့ မနက် ၇ နာရီကျော်ခန့်ကစ နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကားမိုင်း အထွက် မအူပင်နဲ့ နန့်ယား ကြား ကျောက်ထု မှာ တိုက်ပွဲ ပြင်းထန် နေတာ။ အခြေနေမကောင်းတော့ဘူး။ ဖားကန့်လမ်း တိုက်ပွဲပြင်းထန်နေပြီ။ ဒေသခံ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရပြီ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ ဘက်က အင်အား ရာချီနဲ့ စစ်ကြောင်း ထိုးလာတာမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်လာပြီး ကာမိုင်း စစ်တပ်ကုန်းကနေတော့ လက်နက်ကြီး ပစ်ကူနေတာ လို့ သူက ပြောပါတယ်။
ဒီမနက် ၈ နာရီနဲ့ ၁၀ နာရီကြား တိုက်ပွဲ အတော် ပြင်ထန်ပြီး လေကြောင်းနဲ့ ဗုံး နှစ်ခါ လာကြဲတယ်လို့ ဆိုပါတယ်။
“လမ်းတွေက ပိတ်ပြီ။ ဝှေခါလမ်းက နည်းနည်း ရသေးလား မသိဘူး။ နစကဘက်က အင်အား ထောင်ချီ လဝါး လမ်းကရော ဝှေခါ လမ်းတက်လာတယ် ပြောတယ်။” လို့ ကုန်သည် တယောက်က ပြောပါတယ်။
ဖားကန့်လမ်း တလျှောက်က ကျေးရွာတွေ တိုက်ပွဲ ဆက်လက်ပြင်းထန်လာမှာ စိုးရိမ်လို့ ဖားကန့်ဘက် စစ်ဘေးရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
ဒီရက်ပိုင်း နစကဘက်က စစ်မျက်နှာ နှစ်ခု ဖွင့်ပြီး ဖားကန့်လမ်းဘက် စစ်ကြောင်းထိုးနေ တယ်လို့ ကြားသိရကြောင်း သူက ပြောပါတယ်။
ဒီနေ့ ထဲမှာပဲ ကချင်ပြည်နယ် ဗန်းမော်၊ ကာမိုင်း အနီး နဲ့ ဝိုင်းမော် ဘက်တွေမှာ တိုက်ပွဲ ပြင်းထန်နေတာလို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ ညဦးပိုင်းကလည်း ဖားကန့်လမ်း မအူပင် ရေကာတာမှာ နစက တပ်ဖွဲ့ရဲ့ စစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
Photo Crd# Google