ယီမင်ရှိ ထိန်းသိမ်းရေးစခန်းကို အမေရိကန်လေကြောင်းတိုက်ခိုက်မှု အာဖရိကဒုက္ခသည် ၆၈ ယောက်သေဆုံး

ဆာနား၊ ဧပြီ-၂၉-၂၀၂၅
ရတီ(VOM)
ဟူသီသူပုန်အဖွဲ့ ထိန်းချုပ်ထားတဲ့ ယီမင်အနောက်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းတခုကို အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖရိကရွှေ့ပြောင်းဒုက္ခသည် ၆၈ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။
ဆာဒါပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်း တိုက်ခိုက်ခံရမှုအတွင်း အခြား ၄၇ ယောက်လည်း ဒဏ်ရာရခဲ့ပြီး အများစုက ဒဏ်ရာပြင်းထန်တယ်လို့ ဟူသီအဖွဲ့ပိုင် ရုပ်သံဌာနက ဆိုထားပြီး အဆောက်အအုံတခု အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြားကို ဖော်ပြထားပါတယ်။
ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီမှာ တိုက်ခိုက်ခံရချိန် အဲဒီစခန်းမှာ အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၁၁၅ ယောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သုံးရက်က ဆိုမာလီဒုက္ခသည်အုပ်စုတခုကို ရွေ့ပြောင်းပေးလိုက်တာကြောင့် စခန်းမှာ အီသီယိုးပီးယားဒုက္ခသည် အများစုသာ ကျန်ရှိတယ်လို့ ပြောပါတယ်။
ဒါဟာတမင်တကာ ပစ်မှတ်ထားတိုက်ခိုက်မှုအဖြစ် ဟူသီပြည်ထဲရေးဝန်ကြီးဌာနက ရှုတ်ချထားပြီး စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး အကဲဖြတ်တာနဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ အမေရိကန်က ဆိုပါတယ်။
အရပ်သား အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းတွေကို ကြားသိထားတယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် တာဝန်ရှိသူက ပြောပါတယ်။ ဟူသီတွေကို အရှိန်မြှင့်တိုက်ခိုက်ဖို့ မတ် ၁၅ ရက်မှာ သမ္မတထရန့်က အမိန့်ပေးပြီးနောက် ဟူသီပစ်မှတ် ၈၀၀ ကျော်ကို တို်ကခိုက်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ဒုံးကျည်နဲ့ ဒုံးကျည်အစီအစဉ်ကို ဦးဆောင်နေတဲ့ ထိပ်တန်းတာဝန်ရှိသူအပါအဝင် ဟူသီခေါင်းဆောင်နဲ့ တိုက်ခိုက်ရေးသမား အများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဟူသီတို့တော့ ဒီတို်ကခိုက်မှုတွေမှာ အရပ်သားသေဆုံးမှု များတယ်လို့ ပြောပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW