အလှမ်းဝေးနေဆဲ အလုပ်သမား အခွင့်အရေး

မေ ၁ – ၂၀၂၅
SN (VOM)
နှစ်စဉ်နှစ်တိုင်း မေလ ၁ ရက်နေ့မှာ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) ကို ကျင်းပလေ့ရှိကြပါတယ်။ မေဒေးနေ့ဟာ အလုပ်သမားထုကြီးရဲ့ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရတဲ့ သမိုင်းဝင် နေ့တနေ့ဆိုရင်လည်း မမှားပါဘူး။
၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့ဟာ (၁၃၅) ကြိမ်မြောက် မေဒေးနေ့ ဖြစ်ပါတယ်။ မေဒေးနေ့ကို ၁၈၉၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှစပြီး ကမ္ဘာ့နိုင်ငံများစွာမှာ ကမ္ဘာ့အလုပ်သမားတွေကို လုပ်အားတန်ဖိုး မြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို ပြည့်ဝစွာ ခံစားရသောနေ့၊ တရားမျှတမှုအတွက် တော်လှန်ရုန်းကန်မှုတွေ ပေါ်ပေါက်လာအောင် တပ်လှန့်လိုက်သောနေ့၊ ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းမှာ နေ့ထူးနေ့မြတ်အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တဲ့ နေ့တနေ့အဖြစ် ဂုဏ်ပြု ကျင်းပကြပါတယ်။
မေဒေးနေ့ဟာ ၁၈၈၆ ခုနှစ်၊ မေလ ၁ ရက်နေ့ကို အခြေခံပြီး ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ၁၈၈၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကမ္ဘာ့အလုပ်သမား အသင်းချုပ်ကြီးက အမေရိကန် အလုပ်သမားတို့ရဲ့ သွေးမြေကျ တိုက်ပွဲဝင်ခဲ့တဲ့ မေလ ၁ ရက်နေ့ကို “မေဒေး” လို့ အထိမ်းအမှတ်ပြုကာ “ကမ္ဘာ့အလုပ်သမားနေ့” အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
မေးဒေးနေ့ဟာ အလုပ်သမားတွေကို တနေ့ ၁၆ နာရီကြာ မတရားခိုင်းစေပြီး လခ အနည်းကျဉ်းသာ ပေးတဲ့ အလုပ်ရှင်တွေကို ဆန္ဒဖော်ထုတ်ရာကနေ စတင်ခဲ့ပါတယ်။ အဲဒီလို ဆန္ဒဖော်ထုတ်မိလို့ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ ဖိနှိပ် နှိပ်စက်မှုတွေ ရှိတဲ့ကြားကနေ အလုပ်သမားတွေဟာ မဆုတ်မနစ် အားမလျှော့ဘဲ တရားမျှတမှုအတွက် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မဆုတ်မနစ် ကြိုးစားမှုတွေရဲ့ ရလဒ်ကြောင့် တကမ္ဘာလုံးက အလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေးတွေနဲ့ အလုပ်သမားတွေအတွက် သင့်တော်တဲ့ အလုပ်ချိန်ကို ရရှိခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၃၈ ခုနှစ်မှ စတင်ကာ မေဒေးနေ့ကို ကျင်းပနိုင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံကို လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ် ပြုလာတဲ့အခါမှာ မေဒေးနေ့ကို ရုံးပိတ်ရက်အဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။
ဒါပေမယ့် အလုပ်သမားအခွင့်အရေး ဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက စက်ရုံ အလုပ်သမားတွေ အတွက်ကတော့ တိကျရေရာတဲ့ အခွင့်အရေးတွေ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဖိနှိပ် ခေါင်းပုံဖြတ်မှုတွေကို ခံနေကြရဆဲဖြစ်ကာ ကမ္ဘာ့သမိုင်းမှာ နိုင်ငံတကာ အလုပ်သမားထုရဲ့ တောင်းဆိုချက်တွေ ဖြစ်ခဲ့တဲ့ ရှစ်နာရီအလုပ်လုပ်၊ ရှစ်နာရီနား၊ ရှစ်နာရီ ဆန္ဒအလျောက်နေထိုင်နိုင်ရေးမှာ မြန်မာပြည် စက်ရုံအလုပ်သမားထုအတွက် အလှမ်းဝေးနေဆဲ ရပိုင်ခွင့်တွေ ဖြစ်နေဆဲလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် Federation Of General Workers Myanmar – (FGWM) က ထုတ်ပြန် ပြောဆိုထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက စက်ရုံ အလုပ်သမားတွေ အနေနဲ့ အသက်ရှင်သန်ရေးအတွက် တရက်ကို ပျှမ်းမျှ စုစုပေါင်း ၁၂ နာရီကျော် အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။ ဒါအပြင် လုပ်ငန်းခွင် လုံခြုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လုံလောက်စွာ ရရှိခြင်း မရှိသေးဘူးလို့လည်း FGWM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အလုပ်သမားတွေအတွက် ဖူလုံတဲ့ လုပ်ခလစာ၊ မျှတတဲ့ အလုပ်ချိန်၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်ရေးဟာ မရေရာမှုတွေ ရှိနေဆဲဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ တောင်းဆိုမှုတွေ ပြုလုပ်နေရပြီး တိကျခိုင်မာတဲ့ အဖြေတခု ရရှိနိုင်ဖို့ဆိုတာကလည်း ခက်ခဲနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“အလုပ်သမား အခွင့်အရေးကတော့ ဘယ်ကာလမှာမှ ကျွန်မတို့ အပြည့်အဝ မရခဲ့ဘူး။ အဲဒီလိုပဲ လက်ရှိ ကာလမှာလည်း ဒါက အလုပ်သမား အခွင့်အရေးပါလို့တောင်မှ ပြောလို့မရတဲ့ အခြေအနေတခုမှာ ဖြတ်သန်းနေရတာပေါ့။ ဘာလို့လဲဆိုတော့ လုပ်ငန်းရှင်တွေ အနေနဲ့က အခုကာလမှာ သူတို့က ပိုပြီးတော့ ဖိနှိပ်လို့ကောင်းနေတာ။ အလုပ်သမားတွေက မပြောရဲဘူး၊ မဆိုရဲဘူး။ သူတို့တွေရှေ့မှာ ဦးဆောင် တောင်းဆိုပေးမယ့် သမဂ္ဂတွေက ရှိမနေဘူး။ ရှိနေရင်လည်း ဖြိုခွင်းမယ်၊ ဖျက်စီးမယ်ဆိုတဲ့အခါကျတော့ သူတို့တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အခုအချိန်ကတော့ လူ့အခွင့်အရေးလိုပဲပေါ့။ လူ့အခွင့်အရေးတွေ တောင်းလို့မရနေသလိုဘဲ အလုပ်သမားအခွင့်အရေး ဆိုတာကလည်း လူ့အခွင့်အရေးနဲ့ အတူတူပဲဆိုတော့ အခွင့်အရေးဆိုတဲ့ စကားလုံးက ဒီအချိန်မှာတော့ ကျွန်မတို့တွေက အပြည့်အဝ ဆိုတာထက် တောင်းလို့ကို မရနေဘူးဆိုတဲ့ အခြေအနေတခုကို မြင်ရတယ်” လို့ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ အလုပ်သမားတွေ အနေနဲ့ အလုပ်ချိန် ရှစ်နာရီ နောက်ပိုင်းအတွက် အချိန်ပိုကြေး ရရှိဖို့ကို ထိထိရောက်ရောက် နှိုးဆော် တိုက်တွန်းဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။ အချိန်ပို ဆင်းရတဲ့ အချိန်တွေအတွက် အခကြေးငွေ တိတိကျကျ ရရှိဖို့ အလုပ်သမားတွေအနေနဲ့ တယောက်ကောင်း မဟုတ်ဘဲ အားလုံး တစုတစည်းတည်း ညီညီညွတ်ညွတ်နဲ့ တောင်းဆိုသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမား အဖွဲ့ချုပ်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေ အနေနဲ့ မေဒေးနေ့ရောက်တိုင်း နှစ်စဉ် တောင်းဆိုလေ့ရှိတဲ့ လုပ်သားထုရဲ့လိုအပ်ချက်တွေကို ဒီနှစ်မှာလည်း ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုသွားဖို့ ရှိနေတယ်လို့ သူက ပြောပါတယ်။ အလုပ်သမား အဖွဲ့အစည်းတွေအနေနဲ့ မေဒေးနေ့မှာ လုပ်ခလစာနဲ့ ပတ်သက်တာအပြင် ဖမ်းဆီးခံထားရတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ၊ တရားစွဲဆိုခံထားရတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ရှိကာ သဘောထား ထုတ်ပြန်ချက်တွေ ကြေညာသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် တရက် လုပ်ခ အနည်းဆုံးအခကြေးငွေကို ၄၈၀၀ ကျပ်အဖြစ် လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလက နောက်ဆုံး သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အနည်းဆုံး အခကြေးငွေ နှုန်းထားကို နှစ်နှစ်မှာ တကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ ၄၈၀၀ ကျပ် နှုန်းထားအတိုင်းပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
နစကအနေနဲ့ တရက်လုပ်ခ ကျပ် ၄၈၀၀ ကို မပြောင်းလဲဘဲ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်မှာ ထောက်ပံ့ကြေးခေါင်းစဥ်နဲ့ တရက် ၁၀၀၀ ကျပ် တိုးပေးဖို့ နှစ်ကြိမ် ထုတ်ပြန်ခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံက အလုပ်သမားတွေ အတွက်ကတော့ လက်ရှိ ကုန်ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုတွေအရ အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခနှုန်းထား တိုးမြှင့်ပေးနိုင်ရေးမှာ အဓိကလိုအပ်ချက် ဖြစ်နေပါတယ်။
“အခုခေတ် ကုန်ဈေးနှုန်းက တနေ့တနေ့ လိုက်မမီနိုင်အောင်ဘဲ။ တရက် ၄၈၀၀ က ဒီခေတ်ဒီအခါကြီးမှာ ဘယ်လိုမှ အဆင်မပြေဘူး။ နာတာရှည် ရောဂါသည်တွေ၊ ကျောင်းတက်နေတဲ့ ကလေးတွေ ရှိနေတဲ့အိမ်ဆို ပိုဆိုးတယ်။ တလတလ အလျင်မီအောင် မနည်း ရုန်းကန်နေရတာ။ အလုပ်ဆိုတာကလည်း နားရက်က မရှိသလောက်ဘဲလေ။ ကိုယ်လုပ်ရင်လုပ်သလောက်တော့ ပိုက်ဆံလေး ရချင်တာပေါ့။ မဖြစ်နိုင်တဲ့ တားကတ်တွေပေး၊ သတ်မှတ်ရက်အတွင်း မပြီးတဲ့အခါ ပိတ်ရက်တွေမှာ မနားဘဲ အလုပ်သွားဆင်းပေးရတယ်။ တားကတ်မပြည့်လို့ အချိန်ပို ဆင်းပေးရတာဖြစ်လို့ အချိန်ပိုကြေးလည်း မရဘူး။ နောက်တခု ကြားရက်တွေထဲမှာ အစိုးရရုံးပိတ်ရက်တွေ ရှိရင်လည်း အဲဒီနေ့ စက်ရုံပိတ်ဖို့အတွက် စနေ၊ တနင်္ဂနွေလို ရက်မျိုးတွေမှာ မနားဘဲ အစားပြန်ဆင်းပေးရတယ်” လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက အလုပ်သမားတွေ အတွက်ကတော့ ပြဌာန်းထားတဲ့ ဥပဒေဆိုတာဟာ စာရွက်ပေါ်မှာပဲ ရှိတဲ့သဘောလို ဖြစ်နေပြီး အလုပ်သမားတွေဆိုတာ မေဒေးနဲ့ မဆိုင်သလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ လက်ရှိကာလမှာ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းရေးလုပ်ငန်းစဉ်ထက် တဖက်သတ်ဆုံးဖြတ်ချက်တွေပဲ ဖြစ်လာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားထု အနေနဲ့ လက်ရှိမှာ လုပ်ငန်းခွင် ဖိနှိပ်မှုတွေနဲ့အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို အတော်လေး ရင်ဆိုင် ခံစားနေကြရတာပါ။ ကိုဗစ်ဘေး အပါအဝင် နိုင်ငံရေး အပြောင်းအလဲတွေကြောင့် အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ အလှမ်းဝေးသထက် ဝေးနေရပါတယ်။ အဓိက ဆုံးရှုံးနေတာကတော့ နှစ်နှစ်မှာ တကြိမ် ပြင်ဆင်သတ်မှတ်ရမယ့် အနည်းဆုံး လုပ်ခကြေးငွေ နှုန်းထားပါပဲ။
အသက်ရှင် နေထိုင်ရပ်တည်ရေး အတွက်ကြောင့်သာ အလုပ်လုပ်နေရတာ ဖြစ်တာကြောင့် အလုပ်သမားတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာနေတာပါ။ လက်ရှိ နိုင်ငံတွင်း အခြေအနေတွေကြောင့် လုပ်ငန်းခွင် ဖိနှိပ်ခံရမှုအခြေအနေတွေ ပိုမို များပြားလာတာကိုလည်း ခါးစည်း ခံနေကြရတာပါ။
အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ အလုပ်သမားထုရဲ့ ဘဝ လုံခြုံရေးနဲ့ ပတ်သက်လို့ လက်ရှိ အခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။ စားဝတ်နေရေးနဲ့ အထွေထွေ အကြပ်အတည်းတွေကို ပြင်းထန်စွာ ရင်ဆိုင်နေကြရတဲ့ အလုပ်သမားတွေအတွက် ခေတ်ကာလနဲ့ လျော်ညီတဲ့ လုပ်ခခံစားခွင့်တွေ ရကြဖို့ အင်မတန်မှကို လိုအပ်လှပါတယ်။
နစက ဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ်လုပ်ကိုင်မှုတွေ‌ကြောင့် အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒီကနေ့မှာ ကျရောက်တဲ့ မေဒေးနေ့မှာ ထပ်မံ ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာသာ ဘ၀လုံခြုံမှုရှိတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းက အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကတော့ အကာအကွယ် မဲ့နေဆဲဖြစ်ပါတယ်။ ဒါဟာ မေဒေးသမိုင်းက တောင်းဆိုပေးခဲ့တဲ့ အလုပ်သမား ရပိုင်ခွင့်တွေနဲ့ ဆန့်ကျင် သွေဖီနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေရဲ့ တန်ဖိုးကို အလေးထား ဆက်ဆံပေးခြင်းဖြင့် မေဒေးသမိုင်းရဲ့ ရည်ရွယ်ချက်ကို လက်ဆင့်ကမ်း ထိန်းသိမ်းကြဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW