ပဲခူးတိုင်းထဲမှာ ရွာ ၄၀ ထက်မနည်း စစ်ရှောင်နေရ၊နေအိမ်မီးလောင်မှုနဲ့ လူသေဆုံးမှုတွေပါရှိနေ

မေ – ၂ ၊ ၂၀၂၅
GG (VOM)
ပဲခူးတိုင်းထဲက ရွှေကျင်မြို့ နယ်၊ဝေါမြို့နယ် ၊ မင်းလှမြို့နယ် ၊ ပေါက်ခေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၄၀ ကျော်ထက်မနည်းက ပြည်သူတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးစစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် ရွှေကျင်မြို့နယ်နဲ့ဝေါမြို့နယ်တွေထဲက ကွမ်းဆိပ်၊ ညောင်ခြေထောက်ကျေးရွာတွေ၊ သူရဲသမိန်၊လက်ပံ၊စက်စု၊ဆင်ရွာ၊ဂျိုးလေး၊ဒုံစရစ်၊စလူချောင်း ၊ဥတိုရွာ စတဲ့ ကျေးရွာအချို့ကပြည်သူတွေဟာ ဧပြီ ၂၃ ရက်နေ့ကတည်းက ဒီကနေ့အထိ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
” တိုက်ပွဲက ရွှေကျင်နဲ့ဝေါ အစပ်က ကျေးရွာတွေမှာတိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးတွေရော လေကြောင်းပစ်ခတ်မှုရှိတော့ ရွာကလူတွေ စစ်ရှောင်ကြရတယ်။ ကွင်းဆိပ်မှာစဖြစ်တဲ့ အရင်ရက်ထဲကရှောင်နေကြတာ။တဖြည်းဖြည်းပိုများလာတာပေါ့။” လို့ ဝေါဒေသခံကပြောပါတယ်။
အလားတူ ပဲခူးအနောက်ခြမ်းက မင်းလှမြို့နယ် ထဲမှာဆိုရင်လည်း ကျွဲမကိုင်း၊ ငမိုးရိပ်၊ ကျောင်းရွာ၊ စမ်းဘုတ်၊ စမ်းကြီး၊ ဇရစ်မြောင်၊ သရော်ကုန်း၊ ဆားချောင်း၊ ထောက်ကြန့်၊ မုက္ခာ၊ တောင်ပြတ်ရွာမ၊ အညာတန်းကြီး၊ သဖန်းပင်ဆိပ် စတဲ့ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရသလို ငမိုးရိပ်နဲ့ ဇရစ်မြောင်ရွာမှာဆိုရင် နေအိမ်တွေမီးရှို့ခံခဲ့ရ တယ်လို့သိရပါတယ်။
ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့နယ်မှာဆိုရင်လည်း သိုက်ချောင်းရွာမှာ နေအိမ်တွေမီးရှို့ခံရပြီး ဗောဓိကုန်း ၊ တာကောက်၊အိုင်စောက်၊ဒွရွာ ၊ စတဲ့ရွာအချို့က ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
” မင်းလှက ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတာအရင်ရက်ကတည်းကဖြစ်နေတာ။ လေကြောင်းလည်းလာပစ်တယ်။ လူသေတာတွေ အိမ်မီးလောင်တာတွေလည်းရှိတယ်။ တိုက်ပွဲက ဖြစ်နေတော့ အဲဒီဘက်ကရွာတွေ အကုန်စစ်ရှောင်နေရတယ်။ တောထဲရှောင်သူရှောင်ပေါ့။ အနီးရွာတွေဆီရှောင်ကြတာပေါ့။အဲဒီတိုက်ပွဲဖြစ်တဲ့ရွာဘက်တွေက ဘယ်သူမှမသွားရဲဘူး။” လို့ မင်းလှဒေသခံက​ပြောပါတယ်။
အဆိုပါ ရွှေကျင်မြို့နယ် ၊ မင်းလှ ၊ ပေါက်ခေါင်း မြို့နယ်တွေထဲမှာ ဧပြီ ၂၃ ရက်နေ့ကစပြီး နစကနဲ့ ဒေသတွင်းလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအထိ ပစ်ခတ်မှုတွေရှိနေသေးတဲ့အပြင် နစကဘက်ကလည်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ သိရပါတယ်။
ကျေးရွာဒေသခံပြည်သူတွေမှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီးထွက်ပြေးနေရချိန် စစ်ရှောင်တွေရဲ့ နေအိမ်တွင်းက ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူမှုတွေဖြစ်ပွား နေတယ်လို့သိရပါတယ်။
တိုက်ပွဲအကြားမှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်းရှိနေပေမယ့် သေဆုံးစာရင်းအတိအကျကိုတော့ သိရှိနိုင်ဖို့ခက်ခဲတယ်လို့ ပြောကြပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW