မေ ၂- ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကစပြီး နစကတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ထိုးစစ် အရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လက်နက်ကိုင်တပ်တွေက မိုးဗြဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက သိမ်းထားတာ။ ဒါပေမယ့် မြို့ပြင်က ခြေမြန်တပ်ရင်း (ခမရ – ၄၂၂) ကိုတော့ ခုထိ မသိမ်းနိုင်သေးဘူး။ အဲဒီတပ် ကျန်နေတာရှိတယ်။ အခု အဲဒီ ခမရ – ၄၂၂ က လူအင်အားရော၊ လက်နက်အင်အားရော ဖြည့်ပြီး ထိုးစစ်ဆင်လာတာပေါ့။ တိုက်ပွဲကတော့ ဒီရက်ပိုင်းထဲ တော်တော်ပြင်းထန်တယ်။ နှစ်ဖက်စလုံး အထိအခိုက်များတယ်။ လက်ရှိ အခြေအနေအရတော့ လက်နက်ကိုင် တပ်တွေဘက်က ကာကင်းစခန်းတချို့ကို လက်လွှတ်နေရပြီ ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အဆက်မပြတ် ရှိနေတဲ့အတွက် လက်နက်ကိုင်တပ်တွေ အနေနဲ့ ကာကင်းစခန်းတချို့ကနေ ဆုတ်ခွာပေးနေရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
“တိုက်ပွဲတွေကတော့ အခုထိ ရှိနေတုန်းပဲ။ နစကဘက်က အဆင့်မြင့်ဒရုန်းတွေလည်း သုံးလာတာ တွေ့ရတယ်။ နစကအနေနဲ့ လတ်တလောမှာ ထောက်ပို့ ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါတဲ့ လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ” လို့ သူက ပြောပါတယ်။
အဲဒီလမ်းပိုင်းဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှနေပြီး ကယားပြည်နယ်အတွင်း ဝင်ရောက်နိုင်တဲ့ အဓိက လမ်းကြောင်းတခု ဖြစ်တဲ့အတွက် မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးနိုင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက နစက က အင်အားဖြည့်တင်းပြီး အကြိမ်ကြိမ် ထိုးစစ်ဆင်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
နစကအနေနဲ့ လက်လွှတ်လိုက်ရတဲ့ မြို့တွေ၊ စခန်းတွေကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင်ကာ အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိုးစစ်ဆင်လျက်ရှိတာမှာ ကယားပြည်နယ်ထဲ ဝင်ရောက်နိုင်မယ့် အဓိက လမ်းကြောင်းနှစ်ခုအနက် ဆီဆိုင် – လွိုင်ကော်လမ်းကြောင်းနဲ့ လွိုင်ကော်မြို့တို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကျန်ရှိနေတဲ့ အဓိက လမ်းကြောင်းတခုဖြစ်တဲ့ ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းကြောင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်ဘက်ကနေ ထိုးစစ်ဆင်ခဲ့တာမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖယ်ခုံမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
