ကူမင်း ဆွေးနွေးပွဲ သ​ဘောတူညီချက် မရပြီးနောက် မိုးကုတ်နဲ့ နောင်ချို ဗုံးကြဲခံရ

မေ ၃၊ ၂၀၂၅
Shy V (VOM)
နစက တပ်ဖွဲ့ နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်နိုင်ငံ၊ကူမင်း ဆွေးနွေးပွဲ သဘောတူညီမှု မရရှိတဲ့နောက် မေလ ၂ ရက်ညနဲ့ ၃ ရက်မနက် တွေမှာ နောင်ချို နဲ့ မိုးကုတ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ ရကြောင်း ဒေသခံတွေဆီနဲ့ TNLA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
“မိုးကုတ် အနောက်ပိုင်း ကသဲ ရပ်ကွက် အနောက်ကျောင်းနား ဗုံးကြဲသွားတယ်။ လမ်းခင်းနေတဲ့ တယောက် ‌သေဆုံးသွားတယ်။ တယောက် ဒဏ်ရာ ပြင်းထန်တယ်။” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီနေ့ မေလ ၃ ရက် မနက် ၉ နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး တလုံး လာကြဲခဲလို့ ဒေသခံ တယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က သတင်း ထုတ်ထားပါတယ်။
ယမန်နေ့ မေလ ၂ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်ကလည်း မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံး နှစ်လုံး ကြဲချခဲ့လို့ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနဲ့ ပြည်သူလူထုနေအိမ် ၆ လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ဧပြီလ ၃ဝ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ကျေးကြား လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ်မှာလည်း မေလ ၂ ရက်နေ့ည ပိုင်းက လေကြောင်း ဗုံးကြဲခဲ့သလို တောင်ခမ်းဘက်လည်း တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နောင်ချိုမြို့နားက ရွာတရွာကို မနေ့ မေလ ၂ ရက်နေ့ ည ၁၀ နာရီ ၄၆ မိနစ်ခန့်က လေကြောင်း ဗုံးကြဲ သွားတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဗုံးကြဲခံရတဲ့ရွာက နောင်ချိုမြို့နယ်၊ လုံဝယ်ရွာ ဖြစ်ပြီး ထိခိုက်မှုတော့ မရှိခဲ့ပါဘူးလို့ ကြားတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း တောင်ခမ်းဘက်၊ အုမ္မတီးဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေပြီး စစ်တပ်ဘက်က ရေမောင်းတန်းနား ရောက်လာပြီလို့ သိရတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးရက်ခန့်က ဆိုင်ကယ်နဲ့ ခရီးသွားတဲ့ လူ နှစ်ယောက် မသိလို့ အုမ္မသီး လမ်းခွဲဘက်ထိ ဆိုင်ကယ်စီးဝင်လာလို့ ပစ်သတ်ခံရသေးတယ်လို့ ဆိုပါတယ်။
မေလ ၂ ရက်နေ့ ညနေပိုင်းက နောင်ချိုမြို့နယ်က စခန်းကုန်း နှစ်ခုမှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သလို မေလ ၁ ရက်နေ့ မွန်းလွဲပိုက်းကလည်း အုမ္မတီးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုနဲ့ နစက တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ တို့အကြား ကူမင်းမှာ ထပ်မံ ဆွေးနွေးခဲ့တာမှာ နှစ်ဘက် သဘောတူညီမှု မရခဲ့လို့ နွေးဆွေးပွဲ ရပ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Photo Crd# PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW