ဆူးငှက်
၂၇လမ်းအတိုင်း ထွန်းလှဟော်တယ်က အရှေ့တက်တော့ လမ်းဘေးမှာ အရင် ရဲသိပ္ပံကျောင်း(အခု ကလေးအထူးကု ဆေးရုံဝင်း) ဘေးမှာ လမ်းပေါ် လူတွေထွက်နေကြတယ်။ တချို့က အထုပ်အပိုးတွေလည်းပါတယ်။ ၂၇လမ်းနဲ့ ၆၆လမ်းဆုံမှာတော့ ကားတွေ ဆိုင်ကယ်တွေ ရှုပ်လို့၊ အင်ဗြူးလင့်ကားတွေက ဥသြသံတညံညံနဲ့ တောင်ဘက်ထဲ အပြေးအလွှားမောင်းသွားကြပြန်ပြီ။
ကျွန်တော်က အိမ်ကို ထပ်ပြီး ဖုန်းခေါ်ကြည့်တော့ မရသေးဘူး။ ၂၇လမ်းအတိုင်း အရှေ့ဘက် ဆက်တက်တော့ ၆၄လမ်းထိပ်က အိုရီယမ်တယ်ဟောက်စ် ခန်းမကြီးက အပြင်ပန်းမှာ ကြိးကြီးမားမား အပျက်အစီးတော့ မတွေ့ရဘူး။ (ဒါပေမယ့် နောက်ရက်တွေမှာ အတွင်းပိုင် ပျက်စီးမှု အချို့ရှိတာ ပြုပြင်ရမှာမို့ ပွဲလမ်းတွေ လက်မခံနိုင်တော့တာ သူတို့ page က ကြေညာထားတာ တွေ့လိုက်ရပါတယ်)။ ၂၇လမ်းအတိုင်း ရှေ့ဆက်တော့ လမ်းဘေးဝဲယာက အဆောက်အအုံတွေ ကြီးကြီးမားမား အပျက်အစီးရှိကြပုံ မပေါ်ပေမယ့် ပေါ်တီကို ပြုတ်ကျတာ၊ မျက်နှာစာတွေ ပျက်တာ တံတိုင်းတွေ ပြိုတာတော့ တွေ့ရတယ်။ လူတွေကတော့ လမ်းပေါ်မှာပဲ စုရုံးနေကြတယ်။ ဝီးချဲနဲ့ သက်ကြီးရွယ်အိုတွေလည်း လမ်းဘေးမှာ စိုးရမ်စိတ်အပြည့်နဲ့ပေမယ့် ပုတီးလေးကိုင်ပြီး မနည်းတည်ငြိမ်အောင် ကြိုးစားနေကြရပုံပါပဲ။
၂၇လမ်းအတိုင်းတက်သွားလိုက်တာ ၆၂လမ်းရောက်တော့ ဘယ်ဘက်အချိုး မီးသတ်တွေက လမ်းကို ပိတ်နေကြလို့ လှမ်းကြည့်လိုက်တော့ အလိုလေး ၆၂လမ်းပေါ် လမ်းအနောက်ဘက် ဟော်တယ်ကြီးရဲ့မျက်နှာစာက ဓာတ်လှေကား ဆောင်ကြီးနဲ့ ရှေ့ခြမ်းက လမ်းမပေါ် လဲကျနေပါရောလား။ သူကလည်း အထပ်မြင့်ကြီးလေ၊ အဲ့ဒီရှေ့မှာလည်း လူတွေ တရုံးရုံးနဲ့မို့ အန္တရာယ်ကင်းကြပါစေလို့ပဲ ဆုတောင်းရပါတယ်။ မြောက်ဘက် ၂၆လမ်းကနေ မီးသတ်ကားတွေ အနောက်ဘက် ဆင်းသွားကြပြန်ပြီ။ ဒါနဲ့ ကိုကျော်ခိုင်က သူ့ကားကို တောင်ဘက်ဦးပြန်လှည့်ပြီး ၂၈လမ်း ဘုန်းကြီးကျောင်းကြားလမ်းကနေ ယဉ်ပျံ လမ်း ၆၀ဘက်ကို တက်မယ်လို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းလမ်းကြားမှာ ဝဲယာ တဖက်တချက် ဘုန်းကြီးကျောင်းတိုက် မုဒ်ဦးကြီးတွေ ပြိုကျနေကြပါလား၊ ကျောင်းဆောင်တွေအချို့မှာလည်း ဝရံတာတွေ ပြုတ်ကျတာတွေ မြန်မာမှုတွေ ပြုတ်ကျတာတွေ ခပ်များများရှိတယ်။
လမ်းကကျဉ်းတော့ ဆိုင်ကယ်တွေ ဟွန်းတတီတီကြား အထုပ်အပိုးနဲ့လူတွေကြား ကားကို တိုးဝင်နေရတယ်။ လမ်းရဲ့မြောက်ဘက်မှာ သက်ကယ်ကျောင်း အမည်နဲ့ ကျောင်းတကျောင်းရှိတယ်။ အရင်က လမ်းတောင်ဘက် ခပ်လှမ်းလှမ်းမှာရှိတဲ့ ဦးကောသုသာန်ကို သေပြီဆိုပြီး လာသင်္ဂြိုဟ်တဲ့ မိန်းကလေးတယောက်က မေ့မျောနေတာမို့ ဆေးကုပေးပြီး အသက်ကယ်ခဲ့တဲ့ ဘုန်းကြီးတပါး သီတင်းသုံးတဲ့ ကျောင်းမို့ သက်ကယ်ကျောင်းလို့ အမည်တွင်တာတဲ့။ လမ်းလေးက သက်ကယ်ကျောင်းရှေ့ကနေ ယဉ်ပျံရွာ အနောက်ပေါက်ကို ဝင်သွားတာပါ။ ဟို လွန်ခဲ့တဲ့ ၁၉၉၀ကျော် ကာလ အိပ်မက်ဖူးမဂ္ဂဇင်းမှာ ဒီလမ်းလေး အကြောင်းကို ကျွန်တော် ဝတ္ထုတပုဒ် ရေးဖူးတယ်။ “သစ်သားတံတားလေး”တဲ့။ ဒီလမ်းကြားလေးက ယဉ်ပျံရွာဘက် ဝင်တော့ နဒီမြောင်းကို ဖြတ်တဲ့ တံတားလေးအကြောင်း။
အခုတော့ အဲ့ဒီ ခနော်ခနဲ့ သစ်သားတံတားလေးက အခိုင်အခံ့ ကွန်ကရစ်တံတားဖြစ်နေပြီ။ အရင် မြေနီလမ်းလေးကလည်း ကတ္တရာလမ်းမ ဖြစ်လို့၊ အရင်က ၆၂လမ်းနဲ့ ယဉ်ပျံရွာကြား လမ်းလေးဘေးမှာ သက်ကယ်ကျောင်းဝင်းနဲ့ လယ်ကွင်းတွေ သုဿာန်အစပ် ဖုန်းဆိုးမြေနဲ့ ချုံပုတ်တွေ ကန္တာရပင်တွေသာရှိပေမယ့် အခုတော့ ဘုန်းကြီးကျောင်းဝင်းကြီးတွေ လူနေတိုက်တာ အဆောက်အအုံတွေ ဈေးဆိုင် စားသောက်ဆိုင်တန်းကြီးတွေနဲ့ တန်ဖိုးကြီး ရပ်ကွက်ကြီး ဖြစ်နေပါပြီ။ ကိုကျော်ခိုင်က နဒီမြောင်းဖြတ်တဲ့ ကွန်ကရစ်တံတားကို ကျော်ပြီး လမ်း၆၀အတိုင်း မြောက်ဘက် ချိုးလိုက်တယ်။ လမ်း၆၀ပေါ်မှာလည်း လမ်းဘေးမှာ လူတွေ အပြည့်ပဲ၊ အော်ဟစ်ဆူညံလို့၊ ဆိုင်ကယ်တွေက ပိုများလာပြီ။ လမ်းဘေးအဆောက်အအုံတွေတော့ ကြီးကြီးမားမား ပျက်စီးတာ သတိမထားမိဘူး။ အိမ်နားရောက်တော့မှာမို့ စိတ်လှုပ်ရှားနေပြီ။
လမ်း၆၀အတိုင်း ၂၆ဘီလမ်း မရောက်ခင် လမ်းဘေးက လူအုပ်တွေထဲ ဒဏ်ရာရလို့ ဆေးထည့် နေသူတွေ တွေ့လိုက်ရတော့ စိတ်ပူနေရပါပြီ။ ဘုရား ဘုရား ဘယ်နေရာများ အထိအခိုက်ရှိလို့ပါလိမ့်၊ လမ်းဘေးက ခုံတလုံးပေါ်ထိုင်နေတဲ့ အရွယ်ကြီးကြီးအမျိုးသမီးတယောက်ကို ရေတိုက် ယ်ခပ်ပေးပြီး ခေါင်းကို ဆေးထည့်ပေး နေကြတာ မြင်တော့ ကိုကျော်ခိုင်က နံမည်ကြီး ရုပ်ရှင်ဇာတ်ပို့ မင်းသမီးတယောက်နံမည်ပြောပြီး သူထင်တယ်ဗျလို့ ပြောပေမယ့် ကျွန်တော် လှည့်မကြည့်နိုင်တော့ဘူး။ ရှေ့မှာ မြင်ရတဲ့ မြင်ကွင်းက တုန်လှုပ်စရာကြီး။
လမ်း၆၀ထိပ် ၂၆ဘီလမ်းပေါ်က ၄ထပ်ဟော်တယ်ကြီးရဲ့ အနောက်ဘက်ခြမ်းတခြမ်းလုံး ပြိုကျနေတယ်။ ဒီဟော်တယ်ရှိတဲ့ အထပ်မြင့်တိုက်ခန်းတွဲရဲ့ အရှေ့ဘက်ဆုံး အခန်းမှာ သဘာဝမြန်မာ ဓာတ်ပုံမဂ္ဂဇင်းတိုက် ဖွင့်ခဲ့ဖူးတယ်။ အဲ့ဒီကာလ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်တာဝန်နဲ့ ဒီတိုက်ခန်းပေါ် ၂နှစ်ကျော် မိုးလင်းမိုးချုပ် နေခဲ့ဖူးတယ်လေ။ အဲ့ဒီတုန်က ကျွန်တော့်ရုံးခန်းက ဒုတိယထပ်မှာပါ။
အခုပြိုကျတဲ့ ဟော်တယ်က တိုက်ခန်းတွဲရဲ့ အနောက်ဘက်ခြမ်း ၄ထပ် ၄ခန်းတွဲကြီး။ ပြီးခဲ့တဲ့လကပဲ မန္တလေးမှာ လျှပ်စစ်မီး အခက်အခဲကြောင့် ၄ထပ်အပေါ် စလစ်ပြင်မှာ ဝန်ထမ်း အဆောင်တွေတိုးထားတဲ့ အမိုးပေါ် ဆိုလာပြားတွေ အပြည့် မျက်နှာစာ ဆန်းရှိပ်တွေလည်း အနောက်ဘက်မျက်နှာနဲ့ တောင်ဘက်မျက်နှာ အပြည့် ဆိုလာပြားတွေ ဆင်ထားတဲ့ ဟော်တယ်ပါ။ အထိအခိုက်တွေ မရှိပါစေနဲ့လို့ပဲ ဆုတောင်းရပါတယ်။ ၂၆ဘီလမ်းပေါ် ဟော်တယ် ပြိုကျထားလို့ လမ်းပိတ်တာရောမို့ လမ်းက အတော်ကျပ်ကုန်ပြီ။ လမ်းဘေး အဆောက်အအုံတွေမှာတော့ ပြိုကျ ပျက်စီးတာ မတွေ့ရတော့ပါဘူး။
ဒါပေမယ့် ပန်းခင်း မြင်းစီးကြည့်တာမဟုတ်တဲ့အပြင် စစ်တလင်း ဒရောသောပါး ကားဖြတ်စီးကြည့်သလိုမို့ သေချာ မမြင်ခဲ့ရဘူး။ အိမ်နားနီးလာလို့ စိုးရိမ်စိတ်က ရေဆူမှတ်နားနီးပြီး ရင်ခုန်တာက ရစ်တာစကေး ၇.၇ မက ရှိနေလို့လည်း ဖြစ်မျာပါ။
ဒီလိုနဲ့ ၅၈လမ်းနဲ့ မြို့ပတ်ရထားလမ်းဆုံ မီးပွိုင့်ကို မီးပွိုင့်မရှိ အထိန်းအကွပ်မရှိတဲ့ ဟွန်းတညံညံ ကားတွေ ဆိုင်ကယ်တွေ လူတွေကြား ကိုကျော်ခိုင်က ကားကို ခေါင်းထိုး တိုးဝှေ့ပြီး ဖြတ်ခဲ့၇တယ်။ ၂၆ဘီလမ်းအတိုင်း အရှေ့ထဲက အင်ဗြူးလင့်ကားတွေ ဥသြသံပေး မီးတန်းကြီးဖွင့်ပြီး ဒရောသောပါး မောင်းလာကြပြန်ပြီ။ ကျွန်တော်က ကိုကျော်ခိုင်ကို “ဒီကားတွေလွန်ရင် ရှေ့နားက လမ်းကြားအတိုင်း မြောက်ဘက်ကို ဝင်ရမှာနော်” လို့ ပြောတော့ “ဆရာကလည်း ဆရာ့အိမ်ကို ကျွန်တော်သိပါတယ်ဗျ၊ BOB နဲ့ ထိပ်တည့်တည့်” လို့ ပြန်ဖြေတယ်။ “ကိုယ့်လူက BOB ကိုတော့ ညတိုင်းရောက်နေမှာပေါ့နော်” လို့ အရွှန်းဖောက်လိုက်ပေမယ့် ၂ယောက်သား မရယ်နိုင်လိုက်ကြဘူး။ ဟုတ်တယ်၊ ကားကို ညာဘက်ချိုးဖို့ လမ်းကြောနေရာယူရင်း ဘယ်ဘက်ဘေးက မြင်ကွင်းကို မြင်လိုက်ရတော့ ဟာခနဲ ဆိုပြီး အံ့အားသင့် နှုတ်ဆိတ်သွားကြတာလေ။
(ဆက်ရန်)
ဆူးငှက်
